ဖေဖော်ဝါရီ ၁၉ ၊ လွိုင်တိုင်းလျှန်း
စစ်မှုထမ်းခြင်း ကာလသတ်မှတ်ချက် အပါအဝင် တာဝန်ထမ်းဆောင်ရမည့် ကဏ္ဍများကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA က ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာပဲ ကြေညာချက်တစ်စောင်ထုန်ပြန်လာပါတယ်။
ရှမ်းပြည်တွင်းမှာ နေထိုင်သူအားလုံး အသက် ၁၈ မှ ၄၅ အတွင်း မည်သည့်တိုင်းရင်းသားမျိုးနွယ်စုမဆို ကာကွယ်ဖို့ တာဝန်ရှိကြောင်းနှင့် သျှမ်းပြည်သူ/သျှမ်းပြည်သားများမှာ ကိုယ်စီတာဝန်အသီးသီးထမ်းဆောင်ရမယ်လို့လဲ ဆိုထားပါတယ်။
အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူဟာ (၆) နှစ်တာ စစ်မှု ထမ်းဆောင်ရမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းတက်ရောက်ပြီးမြောက်ထားသူများက စာသင်ကြားပို့ချတာနှင့် ရုံးလုပ်ငန်းဆောင်တာတွေ ထမ်းဆောင်ရမှာလဲ ဖြစ်ပါတယ်။
စက်မှုလက်မှု ကျွမ်းကျင်သူများအနေဖြင့် လျှပ်စစ်၊ ယာဉ် အမျိုးမျိုး ပြုပြင်ခြင်း၊တီထွင်ခြင်းတွေ ပြုလုပ်ရမှာဖြစ်ပြီး IT(နည်းပညာ) ပိုင်းကျွမ်းကျင်တတ်မြောက်သူများက ဒရုန်းတပ်ဖွဲ့တွေမှာနှင့် IT ဌာန ၊ website ပိုင်းတွေမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့လဲ ဆိုထားပါတယ်။
သမိုင်းဆိုင်ရာ ကျွမ်းကျင်သူများအနေနဲ့ ပြည်နယ်တွင်း သမိုင်းကြောင်းများကို ပြုစုရမည်ဖြစ်ပြီး စည်းရုံးရေးအားသာသူများက ပြည်နယ်တွင်း စုဆောင်းစည်းရုံးရေးတွေပြုလုပ်ဖို့ ဆိုထားတာလဲဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူများအနေဖြင့် ထိုင်း ၊ တရုတ် ၊ လာအို စတဲ့နိုင်ငံတွေဆီ အိမ်ခြံမြေ ၊ လယ်ယာအခင်းများ ပေါင်နှံရောင်းချလိမ်လည်သွားတာမျိုးပြုလုပ်ခွင့်မပေးကြောင်း ၊ ပြုလုပ်ခဲ့လျှင် ၎င်းဥစ္စာပစ္စည်းများကို ၎င်းဒေသတွင်းပိုင်ဆိုင်ပစ္စည်းအဖြစ် သိမ်းယူမည်လဲဖြစ်ပါတယ်။
လယ်/ယာ/အခင်းများကို အခြားဒေသဆီသို့ ရောင်းချခြင်းပြုလုပ်လိုလျှင် ဒေသတွင်းသက်ဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့စည်းရဲ့ ခွင့်ပြုချက် ပါရှိရမှာဖြစ်ပြီး ၃ နှစ်ဆက်တိုက် မပြုလုပ်ပဲ ထားရှိတဲ့ မြေယာအခင်းများကို ၎င်းဒေသပိုင်အဖြစ် သိမ်းဆည်းမည်လဲဖြစ်ပါတယ်။