စစ်မှုထမ်း အစားထိုးဖို့ ငွေတောင်းခဲ့တဲ့ ရဲမှူးနဲ့ အုပ်ချုပ်ရေးစာရေးတို့ကို စစ်ကောင်စီကဖမ်းဆီး 

ဇန်နဝါရီ ၂၈ ၊ ရွှေဘို 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှာ စစ်မှုထမ်းအစားထိုးဖို့ ငွေကြေးသိန်းတစ်ရာကျော် တောင်းခံခဲ့တဲ့ မြို့နယ်ရဲမှူး နှင့် အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်ကောင်စီတပ်က ထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ညတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲမှူး တို့ဦးဆောင်တဲ့အဖွဲ့တွေက မြို့ပေါ်ရပ်ကွက်တွေအတွင်း ဧည့်စာရင်းစစ်ပြီးနောက် ဧည့်စာရင်းမတိုင်ထားသည့် လူငယ်တစ်ဦးကို စစ်မှုထမ်းရမည် ဖြစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။ 

ထိုသို့ရုံးကိုဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် မိဘများကိုဆက်သွယ်ကာ ကျပ်သိန်း ၁၃၀ ပေးပါက စစ်မှုထမ်း အစားထိုးလဲလှယ်ပေးမည်ဟု အုပ်ချုပ်ရေးစာရေးတွေက ပြောဆိုခဲ့သည်ဟုဆိုသည်။ 

၎င်းတို့မိဘတွေက  ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆွေမျိုးတွေဆီကနေ တဆင့် အုပ်ချုပ်ရေးစာရေးတွေကို ငွေကြေးပေးဆောင်ခဲ့ကြရသည်။ 

ထိုပေးဆောင်ရသည့်  ကျပ် သိန်း ၁၃၀ ကို  မြို့နယ်ရဲမှူးသန်းဇော် က ၂၅ သိန်း ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အကြီးတန်းစာရေး ကိုကျော်ခိုင်လတ်က ၂၅ သိန်း ၊ ခရိုင်းအထွေထွေအုပ်ချုပ်ရေးရုံးမှ စာရေး ကိုသူရိန်ညွှန့်က သိန်း ၃၀ ၊ လူစားထိုးပေးမည့်သူက ကျပ်သိန်း ၅၀ ရယူခဲ့ကြသည်ဟု စစ်ကောင်စီကပြောဆိုထားသည်။ 

ထိုသို့ ငွေကြေးပေးဆောင်ပြီးတစ်ရက်အကြာမှာ ငွေကြေးအလွှဲသုံးစားမှုသတင်းတွေကြောင့် ရဲမှူး ၊​ အုပ်ချုပ်ရေးစာရေးတို့ကို စစ်ဆေးပြီး အရေးယူခဲ့တယ်လို့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာကြေညာခဲ့သည်။ 

ငွေကြေးရယူခဲ့တဲ့ ကျပ်သိန်း ၁၃၀ ကိုလည်း ၎င်းတို့ရဲ့မိဘတွေထံ စစ်ကောင်စီတပ်က ပြန်လည်အပ်နှံပေးလိုက်ပြီလို့ ပြောဆိုထားသည်။ 

ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးဌာနများက ငွေကြေးတောင်းခံပြီး လူစားထိုး မှုများအပါအဝင် အရပ်သားဒေသခံတွေဆီ စစ်မှုထမ်းအကြောင်းပြ ငွေကြေးတောင်းခံမှုများစွာရှိနေကြောင်း  ထုတ်ဖော်ပြောဆိုမှုများစွာ ထွက်ပေါ်လာပြီးနောက် အခုလိုဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။ 

စစ်မှုထမ်းတွေက အုပ်ကြီးတွေအဓိက ရနေတာ၊ ကြားနေရတာ၊ သူတို့အတွက်ကဂွင်ရိုက်လို့ကောင်းအောင် ဒီစစ်မှုထမ်းဥပဒေကဖြစ်နေတာ၊ အခုက မြို့ပေါ်ကိုလာတဲ့ကလေးတွေပိုဖမ်းတယ်၊​အခုမြို့ပေါ်ကိုလည်းမသွားရဲ ၊​မြို့ကလည်းဒီဘက်ကိုမလာရဲဘူး” လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတစ်ဦးကဆိုသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် လူငယ်များမကြာခဏဖမ်းဆီးခံရပြီး စစ်မှုမထမ်းလိုလျှင် ငွေကြေးဖြင့် ကျပ်သိန်း ၂၀ ကစပြီး သိန်း ၁၀၀ အထိ ပေးဆောင်နေကြရကြောင်း စုံစမ်းသိရသည်။ 

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ပြီးခဲ့သည့် တစ်ပတ်က ထုတ်ပြန်ခဲ့ပြီး စစ်မှုထမ်းဖို့  လူငယ်များနှင့် ဌာနဆိုင်ရာများကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်သွားမည့် ပုဒ်မများလည်း ပါဝင်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *