စစ်ရေးတင်းမာမှုတွေကြောင့်  မိုးမောက်မြို့ကျေးလက်ရှိ ဒေသခံများ  ဗန်းမော်မြို့ပေါ်ရှောင်တိမ်း 

ဗန်းမော်မြို့ကို ရှောင်တိမ်းလာကြသည့် စစ်ဘေးရှောင်များကိုတွေ့ရစဉ်

မတ် ၅ ၊ မိုးမောက် 

ဗန်းမော်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့  ကချင်လွတ်မြောက်ရေးတပ် KIA ၊ KPDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် ကျေးလက်ဒေသနေသူတွေဟာ မြို့ပေါ်ကို ရွေ့ပြောင်းနေကြတယ်လို့ စုံစမ်းသိရရှိရပါတယ်။ 

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်မြို့၊ ကုန်းနှော၊ စီဟဲ  စတဲ့ ကျေးရွာက သက်ကြီးရွယ်အိုနှင့် ကလေးတွေက ဗန်းမော်မြို့ပေါ်ကို ပြောင်းရွေ့မှုတွေ ပြုလုပ်နေကြတယ်လို့ဆိုပါတယ်။ 

“ လောလောဆယ် ရွေ့နေကြတယ်၊ စပါးတွေရောင်းနေကြတယ်၊ အသက်ကြီးတဲ့သူတွေနှင့် ကလေးတွေကို အရင်လာထားတယ်” လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ခမရ ၃၆၇  စခန်းနဲ့နီးတဲ့   မြို့သစ်၊ကုန်းနှော၊   စီဟက်  စတဲ့ကျေးရွာတွေက မိသားစုပိုင် စပါးတွေရောင်းပြီး တိမ်းရှောင်ကြတာတွေလဲ ရှိနေတယ်လို့လဲ သိရပါတယ်။

KIA တပ်က စစ်ကောင်စီကို မတ်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး   အလံဖြူထောင်ဖို့ သတိပေးထားပြီး လက်ရှိချိန်ထိ ၎င်းစစ်တပ်က အလံဖြူထောင်ခြင်းမရှိသေးတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်ကာ ရွေ့ပြောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ သုံးရက်နေ့မှာ မင်းတို့လက်နက်ချ အလံဖြူထောင်၊  မထောင်ရင်တိုက်မယ်၊ ဆိုတော့ ရွာတွေကျတော့ စစ်တပ်နှင့်နီးတဲ့ရွာတွေကတော့ ရှောင်ကြပီ ကြားညှပ်မှာစိုးလို့”  လို့ ဒေသခံတစ်ဦးပြောပြပါတယ်။

၂၀၂၁ ခုနှစ်မှာလည်း ကုန်းနှော၊ မြို့သစ်၊ စီဟက် စတဲ့ဒေသက ဒေသခံတွေဟာ စစ်ကောင်စီနှင့် KIA တို့ရဲ့ တိုက်ပွဲကြောင့် လနှင့်ချီကြာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

ဗန်းမော်ခရိုင်အတွင်းက မံစီ၊ ရွှေကူ ၊ မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့တပ်စခန်း လေးခုထက်မနည်း သိမ်းပိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *