စီခမ်းကြီးတိုက်ပွဲအရှိန်ကြောင့်ဗန်းမော်မြို့ပေါ်သို့ကြိုတင်ရွေ့ပြောင်းနေထိုင်သူများရှိနေ

ဖေဖော်ဝါရီ ၂၆ ၊ ဗန်းမော် 

မံစီမြို့နယ် စီခမ်းကြီးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရှိန်ကြောင့် ဗန်းမော်မြို့ပေါ်ကို ကြိုတင်ရွေ့ပြောင်းနေထိုင်သူတွေ ရှိလာနေတယ်လို့ သိရှိရပါတယ်။

ဗန်းမော်မြို့ပတ်ဝန်းကျင် မိုင်(၃၀)မှာ ရှိနေတဲ့ ကျေးရွာတွေက  ပြည်သူလူထုဟာ  တိုက်ပွဲဆက်လက်ဖြစ်ပွားလာမှာကို စိုးရိမ်ကြတဲ့အတွက် 

 ဗန်းမော်မြို့ပေါ်မှာ အိမ်ငှားတာ ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ မိမိတို့၏ အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ရွှေ့ပြောင်းမှုတွေ လုပ်နေကြပြီလို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။ 

“ဗန်းမော်ပတ်ဝန်းကျင် မိုင် နှစ်ဆယ် သုံးဆယ်ပတ်လည်လောက်ဆိုရင် ကြောက်နေပြီကောအေး။ ဟိုအဖွဲ့(တော်လှန်ရေးတပ်ပေါင်းစု)တွေ ရောက်ထားပြီလေ။ ရွာတွေကတော့ ပစ္စည်းတွေ ကြိုရွေ့နေတဲ့ရွာတွေတောင် ရှိတာကြီးကို။ ကြိုပြီးတော့မှပ ဗန်းမော်မြို့ထဲမှာ အိမ်ငှားတာတို့ ဘုန်းကြီးကျောင်းမှာ ပစ္စည်းလာထားတာတို့ လုပ်နေပြီကော။ ဒါကတော့ အဲ့ဒီ စီခမ်းကြီးအရှိန်နဲ့ပါ့အေး။” လို့ ၎င်းက ပြောပါတယ်။ 

စီခမ်းကြီး တိုက်ပွဲကြောင့် ကျေးရွာမီးလောင်သွားသလို သိမ်ကျောင်း၊ သုခဝတီနှင့် ရိုးကြီးတို့မှာ စစ်ဘေးတိမ်းရှောင်သူ ရှစ်နီးပါးရှိနေတယ်လို့လည်းသိရပါတယ်။ 

“ထွက်ပြေးလာတဲ့လူ လေး ငါး ရှစ်ရာလောက်ရှိတယ်လေ။ သိမ်ကျောင်းတို့ သုခဝတီတို့ ရိုးကြီးတို့ အဲ့မှာ ပြေးလာကြတယ်ကော။ စီခမ်းကြီးကတော့ ရွာက မီးလောင်သွားပြီလေ။”

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) တို့က ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း အလယ်တန်းကျောင်းသူ (၂)ဦးအပါအဝင် အမျိုးသမီး (၅)ဦးနှင့် အသက်(၄၀)ဝန်းကျင် အမျိုးသား(၃)ဦး စုစုပေါင်း (၈)ဦး သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *