ဆင်ဘိုမြို့ရှိကျေးလက်ဒေသတွေမှာ KIA စစ်သားစုဆောင်းမှုပိုလုပ်လာနေ

ဆင်ဘိုမြို့အဝင် ဆိပ်ကမ်း

မေ ၁၄ ၊ ဆင်ဘို 

မြစ်ကြီးနားမြို့နယ် အတွင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့က ကျေးလက်ဒေသတွေမှာ စစ်သားသစ်စုဆောင်းမှုတွေ အခုရက်ပိုင်းမှာ ပိုလုပ်လာနေတယ်လို့ ဒေသခံတွေက ရှမ်းနီအသံကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ မေလ (၈) ရက်နေ့က ဆင်ဘိုမြို့ ညောင်ပင်သာကျေးရွာကို ညပိုင်းအချိန်မှာ တစ်အိမ်တက်ဆင်း  စစ်သားစုဆောင်းမှုတွေပြုလုပ်ခဲ့တယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ လူတွေပါတွေဆွဲတယ်လေ၊ အိုး.. ခွေးမပါတာတစ်ခုပါ့လို့ အမဲလိုက်သလိုပါ့လေ။ ခြံထဲကနေ လူတွေလိုက်ဆွဲ ၊ ညောင်ပင်သာယာရွာမှာ တစ်အိမ်တက်ဆင်းလိုက်ဆွဲတာ။  တော်တော်များများပါသွားတယ်” လို့ ညောင်ပင်သာကျေးရွာ လယ်တောအတွင်း စစ်ရှောင်ရင်းနေထိုင်သူ ဒေသခံတစ်ဦးကပြောပြပါတယ်။ 

ဆင်ဘိုမြို့ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကတည်းက KIA+PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပေမယ့် စစ်ကောင်စီရဲ့ တပ်စခန်းကို ဧပြီလ ၂၉ ရက်နေ့ကမှ ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

KIA က ဆင်ဘိုမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် မြို့ပေါ်ရှိ ရပ်ကွက်တွေမှာ လူသစ်ကောက်ခံမှုတွေနဲ့ ကျေးလက်ဒေသတွေမှာ စစ်သားသစ်အတွက် စုဆောင်းမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ 

“ ငါး ယောက် ငါး ယောက် တောင်းတယ်။ သူတို့ကို ဆိုင်ကယ်လည်း တစ်ရွာကို နှစ်စီး။  မပေးနိုင်လို့ရှိရင် ပိုက်ဆံ ၊  ပိုက်ဆံ ဘယ်လောက်ဆိုလည်း အဲ့ဒါ ပိုက်ဆံ ထည့်ရမယ်ပေါ့။” လို့ ဆင်ဘိုမြို့ပေါ်ဒေသခံ ရပ်မိရပ်ဖ တစ်ဦးက ဧပြီလဆန်းမှာ ရှမ်းနီအသံကို ဖြေကြားခဲ့ပါတယ်။ 

တစ်ရွာလျှင် တပ်သားသစ် ငါးယောက် တောင်းခံသည့် နယ်မြေသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ ရင်း(၁၁) နယ်မြေဖြစ်ပြီး   ဆင်ဘိုအထက်ကျေးရွာအုပ်စုထဲက နောင်ဖွဲ၊ နယ်ခြား၊ ကျွန်းဦး၊ မံဖွား၊ ညောင်ပင်သာ စတဲ့ကျေးရွာတွေပဲ ဖြစ်ပါတယ်။

KIA သိမ်းပိုက်ထားတဲ့ ဆင်ဘိုမြို့ဟာ  ၂၀၀၂ ခုနှစ်မှာ မြို့အဖြစ်သတ်မှတ်ခံရပြီး ဧရာဝတီမြစ် ပထမမြစ်ကျဉ်းနဲ့ ၁၄ မိုင်အကွာမှာရှိပြီး  ရှမ်းနီလူမျိုးအများဆုံးနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *