မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူတဲ့အချိန်ကစလို့ ၄၅ဝါတိတိ နေတော်မူတယ်ဆိုတာကို ဗုဒ္ဓဘာသာဝင်တွေ အတော်များများ က သိလိမ့်မယ်။ သို့သော် ဝါတော်ဘယ်လောက်မှာ မိဘမျိုးရိုးတွေဖြစ်ကြတဲ့ သာကီဝင်မင်းမျိုးတို့နေထိုင်ရာ ကပိလဝတ္ထုဆီ ကြွသလဲလို့မေးလျှင် ရုတ်တရက်ဖြေဖို့ခက်ပါတယ်။ ဘာလို့ ရုတ်တရက်ဖြေဖို့ခက်တာလဲဆိုတော့ အလွယ်တကူလေ့လာသင်ယူလို့ရတဲ့ ဗုဒ္ဓစာပေတွေမှာ (အထူးသဖြင့် ရွတ်ဆိုနေကျ ပရိတ်တရားတော်တွေမှာ)ကိုက ” ဘဂဝါ သာဝတ်ထိယံ ဝိဟာရတ်တိ- ဘုရားရှင်သည် သာဝတ္ထိမြို့တွင် သီတင်းသုံးနေတော်မူ၏” ဆိုပြီး အစချီထားတာတွေပဲ အတော်များများ တွေ့ရလို့ပါ။ အဲလိုတွေ့ရလောက်အောင်လည်း မြတ်စွာဘုရားရှင်ကိုယ်၌က ဝါတော်၄၅ဝါအနက် သာဝတ္ထိမြို့မှာပဲ ၂၅ဝါတိတိ သီတင်းသုံး နေထိုင်တော်မူခဲ့ပါတယ်။ ဒါကြောင့် ဟောတော်မူခဲ့တဲ့ တရားတော် အတော်များများမှာ ” သာဝတ္ထိယံ ဝိဟာရတ္ထိ”နဲ့ အစချီတာတွေက များနေတာ ဖြစ်ပါတယ်။
၄၅ဝါအနက် ၂၅ဝါတိတိကို ဆွေမတော်၊ မျိုးမစပ်တဲ့ ကောသလတိုင်း၊ သာဝတ္ထိမြို့မှာ မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူသွားတာ အံ့သြစရာတော့ အကောင်းသား။ သာဝတ္ထိမြို့ကို အုပ်ချုပ်တဲ့မင်းက သဘောကောင်းလို့များ နေတော်မူသလားလို့ စိစစ်ကြည့်ပြန်တော့ အင်မတန်ဉာဏ်နည်းပြီး သူများမြှောက်ပေးလျှင် မြတ်စွာဘုရားရှင်ကိုတောင် ကန့်လန့်တိုက်လေ့ရှိတဲ့ ကောသလမင်း အုပ်ချုပ်နေတော့ အဲလိုလည်း တွေးယူလို့မရပြန်ဘူး။ ကောလမင်းရဲ့သားတော် ဝိဋဋူပဆို မြတ်စွာဘုရားရှင်ရဲ့ ဇာတိမြို့ဖြစ်တဲ့ ကပိလဝတ္ထုကိုတောင် တိုက်ခိုက်ဖျက်ဆီးခဲ့တာပဲ မဟုတ်လား။
ရတနသုတ်အစမှာ မြတ်စွာဘုရားရှင်ရဲ့ စရိယသုံးပါး(အကျင့်မြတ်၃ပါး)ကို ရှေးဆရာတော်ကြီးများက ” လောကတ်ထစရိယံ ဉာနတ်ထစရိယံ ဗုဒ်ဓတ်ထစရိယန်တိ-လောကကြီးအကျိုးအတွက် ကျင့်ခြင်းအမျိုးအဆွေတို့၏အကျိုးအတွက် ကျင့်ခြင်းဘုရားဖြစ်ခြင်းအကျိုးအတွက် ကျင့်ခြင်း”ဆိုပြီး ကြည်ညိုဖွယ်ကောင်းလောက်အောင် ရေးသားဖော်ပြသွားကြတယ်။ ဒါဆို ဘုရားဖြစ်တော်မူအောင်လည်း ကျင့်တော်မူပြီးပြီ၊ လောကကြီးအကျိုးအတွက်လည်း ကျင့်တော်မူလာပြီးပြီ၊ အမျိုးအဆွေတို့ရဲ့အကျိုးအတွက် ကျင့်တော်မူတယ်လည်း ဆိုပါရဲ့။ မိဘဆွေမျိုးတွေရဲ့ ဇာတိဖြစ်တဲ့ ကပိလဝတ္ထုမှာ ကြာကြာမှ ဝါဆိုရဲ့လားလို့ စိစစ်ကြည့်တော့ တစ်ဝါပဲဆိုတော်မူတယ်ဆိုတာကို တွေ့ရပါတယ်။ ဟုတ်တယ်။ တစ်ဝါပဲ ဝါဆိုတော်မူသွားတယ်။ တိတိကျကျပြောရလျှင် ၁၅ဝါမြောက်မှာပါ။ ဘုရားရှင်ရဲ့ ဇာတိ၊ မိဘဆွေမျိုးများ နေထိုင်ရာ မြို့တော်ကပိလဝတ္ထု မှာ တစ်ဝါလောက်ပဲ ဝါဆိုတော်မူပြီး “ဉာနတ္ထစရိယ”ကို ဖြည့်ကျင့်တော်မူသွားတယ်။
ဘုရားဖြစ်ပြီး ၁၅နှစ်ကြာမှ ကိုယ့်မြို့ကိုယ်ပြန်ကြွတယ်ဆိုတော့ တို့ဘုရားများ ကိုယ့်ဆွေကိုယ့်မျိုးအပေါ် ခပ်ခွာခွာနေရက်သကိုးဆိုပြီး ကြံဖန်ပြီး အပြစ်တင်ရတော့မလိုလိုတောင် ဖြစ်မိပါတယ်။ ဘာကြောင့်တုန်းဆိုတော့ ကိုယ့်ကိုယ်၌က ကိုမျိုးချစ်ဆိုတော့ ဘုရားသွားပြီး ကြံကြံဖန်ဖန် အတွန့်တက်မိတာပေါ့လေ။ ကိုယ့်ဘာသာ ပြန်ဆန်းစစ်ကြည့်မှ သြော်…ငါ့နှယ် မျိုးချစ်စိတ်အရင်းခံထည့်လိုက်တာများ မြတ်စွာဘုရားရှင်ကိုတောင် အတွန့်တက်ချင်စိတ် ဖြစ်မိပါလားဆိုပြီး အသိစိတ်ပြန်ဝင်လာပါတယ်။ လူဆိုတဲ့အတိုင်း လောကမှာ ကြုံလာရတဲ့ လောကဓံတွေ၊ တွေ့လာရတဲ့ အဖြစ်အပျက်တွေ၊ မြင်လာရတဲ့ မြင်ကွင်းတွေအပေါ် ချဉ်းကပ်ပြီး သုံးသပ်ဝေဖန်ကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဗဟိုပြုပြီး အရင်ဝေဖန်တတ်ကြတာ သဘာဝမဟုတ်ပါလား။
စပ်မိလို့ပြောရဦးမယ်။ Time မဂ္ဂဇင်းက ၂၀၂၁မှာ ကမ္ဘာကို လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်၁၀၀ကိုရွေးတော့ မအိ(ဒေါ်အိသဉ္ဇာမောင်) ပါဝင်လာတယ်။ ကမ္ဘာ့သတင်းမျက်နှာစာတွေမှာတော့ “မအိသဉ္ဇာမောင်”ဆိုပြီးပဲ ဖော်ပြပေမယ့် သည်နိုင်ငံက သတင်းဌာနအချို့ကတော့ “ရှမ်းနီတိုင်းရင်းသားဖြစ်သူ မအိသဉ္ဇာမောင်”ဆိုပြီး လူမျိုးနဲ့တွဲရက် ဖော်ပြတာကို တွေ့ရပါတယ်။ အဲသည်မှာ ထုံးစံအတိုင်း ဇာတ်လမ်းက စပါပြီ။ တို့လူမျိုးထဲက အဲလိုထွန်းပေါက်လို့ ဂုဏ်ယူတယ်ဆိုတဲ့ ရှမ်းနီလူငယ်လေးတွေကတစ်ဘက်၊ ရှမ်းနီအရေးမလုပ်လို့ဆိုပြီး အပြစ်တင်တဲ့ လူကြီးအချို့ကတစ်ဘက်၊ ရိုအရေးဘဲလုပ်လို့ ဂုဏ်မယူပါဘူးဆိုပြီး တစ်စခန်းထလာတဲ့ ဆရာတော်ဘုရားကြီးများကတစ်ဘက်ပေါ့လေ။ ဘယ်ဘက်ကြည့်လိုက်ကြည့်လိုက် သူ့သာဝကနဲ့သူတော့ စည်ကားလို့နေတာပါပဲ။ ဖော်ပြခံရသူ မအိတောင် သူတို့လောက် ခံစားရမယ်မထင်ဘူး။
ရှမ်းနီလူငယ်တွေရဲ့ ဂုဏ်ပြုလိုမှု၊ အားကျမှု၊ အတုယူလိုမှုတွေကို တွေ့ရတဲ့အခါ ဝမ်းသာရတယ်။ သြော်…သည်လူငယ်လေးတွေမှာ ရှေ့ရေးကိုမျှော်တွေးတတ်တဲ့ အမြင်ရှိပါလားဆိုပြီး လူငယ်တွေကို လေးစားမိပါတယ်။ သူတို့ခမျာ တစ်ခါလာ မဲပြာပုဆိုး မျိုးချစ်ပြီး အဝတ်အစား၊ စာပေ၊ ပါတီကိစ္စတွေနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကြားမှာ လူဖြစ်လာကြရတာဆိုတော့ မျက်မြင်လောကမှာ စံပြုရမယ့်သူက ရှားသကိုး။
မအိအနေနဲ့ ရှမ်းနီလောကအပေါ် အာရုံလာတာတာ၊ မလာတာထက် လောလောဆယ်မှာတော့ ရှမ်းနီလူငယ်တွေကတော့ မအိအပေါ် လေးစားအားကျစိတ်၊ ဂုဏ်ယူစိတ်ရှိလာတာကတော့ အမှန်ပဲ။ ဒါနဲ့တင်ကို မအိအပေါ် ကျေးဇူးတင်ပါတယ်။ လက်တွဲခေါ်လျှင် ပိုကောင်းမှာပဲဆိုတဲ့စိတ်ကူးတောင် ဖြစ်မိပါတယ်။
တစ်ဘက်ကြည့်လိုက်တဲ့အခါမယ် စတာနဲ့ ကန့်ကွက်မယ် ၊ ရှုတ်ချမယ်၊ ဆော်လိုက်မယ်၊ တီးလိုက်မယ်ဆိုတဲ့ လူရောရှင်ပါတွေ့ရပြန်တော့ အံ့သြသွားမိတယ်။ သည်ပုဂ္ဂိုလ်တွေမှာ မျိုးချစ်စိတ်တော့ ရှိပါရဲ့။ ကာလ ဒေသ ပရောဂကို မတွက်ဆတတ်ကြပါလား။ ကိုယ့်ကိုဗဟိုပြုပြီး လူတိုင်းကို လိုက်တိုင်းတာနေကြပါလား။ ကိုယ်မွေးဖွားလာတဲ့ရပ်ဝန်းနဲ့ သူမွေးဖွားတဲ့ရပ်ဝန်း၊ ကိုယ်ကျင်လည်တဲ့နေရာနဲ့ သူကျင်လည်တဲ့နေရာ၊ ကိုယ့်လုပ်နေတဲ့အလုပ်နဲ့ သူလုပ်နေတဲ့အလုပ်ကို မတွက်ဆမိကြပါလားဆိုပြီး အံ့သြမိတာပါ။ သြော်…သည်လူရောရှင်ပါ ခက်လိုက်လေ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် ဘုရားဖြစ်ပြီး ၁၅နှစ်ကြာမှ ကိုယ့်ဆွေကိုယ့်မျိုးဆီပြန်ကြွပြီး ဉာနတ္ထစရိယကို ဆောင်ရွက်တော်မူတာလေးတော့ အသိကပ်ဦးမှပေါ့။
အရာရာမှာ အချိန်ပေးရတယ်ဆိုတာလောက်မှ မသိဘဲ ဗုဒ္ဓဝါဒီမျိုးချစ်အမည်ခံရင်း အာဏာသိမ်းစစ်တပ်နဲ့ပေါင်းရင်းနဲ့တောင် တစ်ဘက်သားအပေါ် တစွတ်ထိုးအပြစ်တင်နေပုံများ ၄၅ဝါမှာ ကိုယ့်တိုင်းပြည်ပြန်ပြီး တစ်ဝါလောက်သာဆိုတော်မူတဲ့ ဘုရားရှင်ကို အားနာဖို့တောင် ကောင်းနေပါရောလား။
ဆေခမ်းဖ (မန္တလေးတက္ကသိုလ်) ရေးသားသည်