
ဇန်နဝါရီ ၂၉ ၊ လားရှိူး
ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသော ကိုးကန့်တပ်မတော် MNDAA က အခုတရုတ်နှစ်သစ်ကူးကာလပြီးရင် ပြန်လည်ဆုတ်ခွာရမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
လားရှိုးမြို့မှာကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကိုယ်စားလှယ်တစ်ဦးက လားရှိူးမြို့ကနေ ပြန်ဆုတ်ရမယ့်အကြောင်း ထုတ်ဖော်ပြာဆိုခဲ့ခြင်းဖြစ်ကြောင်း ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ ဗမာနဲ့ လောက်ကိုင် (ကိုးကန့်)တွေနဲ့ စစ်မဖြစ်တော့ဘူး၊ သူတို့ချစ်ကြည်ရေးရယူသွားမယ်။ ဒီနေ့ကစပြီး စစ်တွေဆက်မဖြစ်တော့ဘူး၊ ကိုးကန့်တပ်တွေကလည်း လောက်ကိုင်ကိုပြန်နေမယ်။ သဘက်ခါဆိုရင်တော့ ကော်ညံ့ ( တရုတ်နှစ်သစ်ကူး) ပြီးရင် ဗမာစစ်တပ်နဲ့ စစ်မဖြစ်တော့ဘူး လောက်ကိုင်ကိုပြန်မယ်။ လောက်ကိုင်က ကိုးကန့်မြို့ဖြစ်တယ်၊ ဗမာတွေလာပြန်ယူလို့မရဘူး” လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောဆိုပါတယ်။
MNDAA နဲ့ စစ်ကောင်စီတပ်တို့ကြား တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုတစ်ခုကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။
အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် လားရှိုးမြို့ကနေ MNDAA တပ်တွေဆုတ်ခွာမယ့်သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။
အပစ်ခတ်ရပ်စဲရေးသတင်းတွေကြောင့် စစ်ရှောင်သွားကြတဲ့ လားရှိူးဒေသခံထက်ဝက်ကျော်ဟာ နေရပ်ပြန်လာနေထိုင်နေကြပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးသော စစ်ကောင်စီရဲ့ စစ်တိုင်းတစ်ခုကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။