မတ် ၂၈ ၊ တာမခံ
ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီနဲ့ KIA +PDF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အိမ်ခြေ တစ်ထောင်ခန့် မီးလောင်ပျက်စီးပြီး အခုချိန်မှာ လုပ်ငန်းရှင်တွေဟာ မီးလောင်တဲ့အိမ်ယာဝင်းများကို နှိမ်ပြီးဝယ်ယူနေတယ်လို့ အိမ်ရှင်တွေက ရှမ်းနီအသံကို ပြောပြပါတယ်။
လုပ်ငန်းရှင်တွေဟာ မြေကွက်တွေကို စျေးနိမ်ဝယ်ယူပြီး ကျောက်တူးဖော်မယ်လို့လည်း သိရပါတယ်။
“ ထောင်ကျော်ပေါက်နေတဲ့ဝင်းကို နှစ်ရာ သုံးရာပဲ ပေးတယ်။ ရွာသားတွေလဲ အိမ်မီးလောင်ထားကြတော့ လောလောဆယ် ငွေရေးကြေးရေးကြပ်တည်းလို့ ရောင်းကြရတာပဲ” လို့ တာမခံကျေးရွာသား တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျောက်တူးဖော်တော့မှာဖြစ်လို့ မိမိအိမ်ကို ပြန်လာဖျက်သိမ်းပေးဖို့ ပြန်ခေါ်နေတဲ့ စစ်ရှောင်သူတွေလဲ ရှိနေတယ်လို့ သိရပါတယ်။
“ သူတို့အိမ်ကတော့ မီးလောင်တဲ့ထဲ ပါမသွားဘူး ဒါပေမယ့် ခုပြန်ခေါ်နေပီ လုပ်ငန်းရှင်တွေက သူတို့အိမ် ဖျက်ပြီးတူးဖော်တော့မှာ ၊ မီးလောင်တဲ့ ရပ်ကွက်တွေက မြေသားမှန်တဲ့ရပ်ကွက်တွေပဲ ကျောက်ကြောတော်တော်ကောင်းတဲ့ ရပ်ကွက်တွေပဲ လောင်တာများတယ်” လို့ စစ်ရှောင်နေရတဲ့ တာမခံကျေးရွာသားတစ်ဦးလည်း ဆိုပါတယ်။
တာမခံကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၈ ရက်နေ့ထိ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး ၎င်းတိုက်ပွဲအပြီးမှ တာမခံကျေးရွာ မီးလောင်ပျက်စီးခဲ့တာလဲဖြစ်ပါတယ်။
တာမခံကျေးရွာတွင်း KIA+PDF က လက်ရှိမှာ စိုးမိုးထိန်းချုပ်ထားပြီး မတ်လ ၁၇ ရက်နေ့မှာ နေရပ်ပြန်လာကြရန် ခွင့်ပြုထားတာလဲ ဖြစ်ပါတယ်။
တိုက်ပွဲတွင်း ရပ်ရွာတွင်းကျန်ရှိနေတဲ့ မူးယစ်ဆေးသုံးစွဲသူများအားလုံး နဲ့ ကျောင်းဆရာမတစ်ဦး ၊ အိမ်စောင့်အဖြစ်ထားရှိသူတွေလည်း သတ်ဖြတ်ခြင်းခံတားရတာလို့လဲ သိရှိရပါတယ်။