တော်လှန်ရေးသမားများ ဖတ်ရမယ့်စာ

လက်ရှိတော်လှန်ရေးကာလမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ ပုံစံပေါင်းစုံနဲ့ စစ်ကောင်စီကို တွန်းလှန်နေကြပါတယ်။ တော်လှန်ရေးမှာ အသက်ပေးဆပ်လိုက်ရသည်အထိ ပါဝင်ခဲ့သူတွေမှသည် တော်လှန်ရေးအတွက် လှူဒါန်းနေကြသူတွေအထိ အားလုံးဟာ လေးစားစရာ ကောင်းကြသူချည်းပါပဲ။ မတရားမှုကို လက်မခံဘဲ အာဏာရှင်စနစ်ကိုဖျက်ပြီး တရားမျှတတဲ့ တိုင်းသစ်ပြည်သည်ကို တည်ထောင်လိုစိတ်ရှိကတည်းက လေးစားစရာ ကောင်းလှပါပြီ။ 

“မြင်းကောင်း ခွာလိပ်”ဆိုတဲ့ ဗမာ့စကားပုံ ရှိပါတယ်။ သည်စကားပုံအတိုင်းပါပဲ။ လေးစားဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တိုင်း၊ အဖွဲ့အစည်းတိုင်းကို လုပ်သမျှအလုပ်၊ ပြောသမျှစကား၊ ရေးသမျှစာတွေမှာ အစ၊ အလယ်၊ အဆုံး အကောင်းချည်းဖြစ်စေလိုတဲ့အပြင် အကောင်းကိုအခြေခံတဲ့ တော်လှန်ရေးအောင်မြင်မှုကိုသာ ရစေလိုပါတယ်။ အဆုံးသတ်မှ အခြေမလှတာမျိုးကိုတော့ လုံးဝမမြင်လိုပါဘူး။ ဘာကြောင့် ကျွန်တော် ပြောရသလဲဆိုတော့ လက်ရှိတော်လှန်ရေးကဏ္ဍမှာ အတူနေ တိုင်းရင်းသားတွေရဲ့ သမိုင်းနောက်ခံ၊လက်ရှိဖြစ်တည်မှု၊ ဆန္ဒသဘောထား စတာတွေကို သေချာကျနစွာ နားလည်လက်ခံသူ၊ သဘောပေါက်သူက ရှားနေပါသေးတယ်။ ကိုယ့်ကိုထောက်ခံလျှင် အားရဝမ်းသာ လက်ခုပ်တီးကြိုဆိုပြီး ကိုယ်နဲ့မနီးစပ်သေးလျှင် စစ်ကောင်စီနဲ့ပေးစားပြီး ဆဲဆိုအပြစ်တင်နေကြတာမျိုးကပဲ သည်တော်လှန်ရေးမှာ အများအပြားပါဝင်နေတာဟာ စိတ်မကောင်းစရာပါ။

အထက်မြန်မာပြည် အထူးသဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်ရဲ့ ပထဝီဝင်နိုင်ငံရေး၊ စစ်ရေးတွေကို ချိန်ဆကြတဲ့အခါ၊ ပြောဆိုကြတဲ့အခါ၊ ဝေဖန်ကြတဲ့အခါ ၄င်းဒေသကြီးနှစ်ခုရဲ့ နောက်ခံသမိုင်းနဲ့ လူမျိုးစုများရဲ့ ဖြစ်တည်လာမှုကို သေချာလေ့လာသုံးသပ်သိမြင်ပေးဖို့လိုပါတယ်။ အင်္ဂလိပ်ထံကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ခုနှစ်နိုင်ငံရေး နောက်ခံကသာ လေ့လာသုံးသပ်နေလျှင်တော့ မှန်ကန်တဲ့ အဖြေရမှာ မဟုတ်ပါဘူး။ သည်နိုင်ငံရဲ့အတိတ်ကာလကိုကြည့်ပါ။ အတိတ်ကာလ ဖြစ်စဉ်ကို ဖက်ဒရယ်ဝန်ကြီးဖြစ်ခဲ့ဖူးသူ ဆရာခွန်းမတ်ကိုဘန်က ပင်လုံစာချုပ်ရှင်းတမ်း(လက်စွဲစာအုပ်)မှာ – 

“မိမိတို့နိုင်ငံသည် အတိတ်ကာလကတည်းက တိုင်းရင်းသားပေါင်းစုံ နေထိုင်ခဲ့ကြသည်။ ထိုသို့နေထိုင်ကြသည့် တိုင်းရင်းသားများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်၊ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းများဖြင့် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့တွင် နိုင်ငံထူထောင် အုပ်ချုပ်မှုများရှိခဲ့သည်။ သို့သော် အုပ်ချုပ်မှုစနစ်သည် တစ်ပြည်ထောင်အုပ်ချုပ်မှု စနစ်လည်းမဟုတ်သကဲ့သို့ ပြည်ထောင်စုစနစ်လည်း မဟုတ်ခဲ့ပေ။”လို့ဖော်ပြထားပါတယ်။

၄င်းကာလတွေမှာ အင်အားနည်းသည့် နိုင်ငံများအပေါ် အင်အားကြီးနိုင်ငံက တိုက်ခိုက် သိမ်းပိုက်ခြင်းများ ရှိခဲ့ပေမယ့် ပဏ္ဏာဆက်နိုင်ငံများအဖြစ်သာ ထားရှိခဲ့ခြင်းသာဖြစ်ပါတယ်။ အုပ်ချုပ်မှုမှာတော့ မင်းထံအမိန့်ခံရတဲ့ အချို့ပြဿနာများကလွဲလို့ စော်ဘွား၊ ဘုရင်ခံ၊ မြို့စား၊ ရွာစားတို့မှာ သီးခြားအုပ်ချုပ်မှုအပြင် သီးခြားအခွန်ကောက်ခံမှုပါ မျိုးရိုးအလိုက် ကိုယ်စီရှိကြပါတယ်။ အဲသည်မှာ နိုင်ငံထူထောင်တယ်ဆိုတာက မြို့ပြနိုင်ငံ ထူထောင်တာကိုဆိုလိုပါတယ်။ အဲသည်မြို့ပြနိုင်ငံထူထောင်တဲ့ လူမျိုးတွေထဲမှာ ရှမ်းလူမျိုးတွေကလည်း မိုးကောင်း  ၊ မိုးညှင်း ၊ မိုးမိတ် ၊ ဗန်းမော်  ၊ ကလေး၊ သောင်သွပ်၊ ဝန်းသို ၊ သိန်နီ ၊ သီပေါညောင်ရွှေ ၊ မိုးနဲမိုးဗွဲစတဲ့ မြို့ပြနိုင်ငံတွေကို တည်ထောင်ခဲ့ကြပါတယ်။ အဲသည် ရှမ်းမြို့ပြနိုင်ငံတွေထဲမှာ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်ဟာ လက်ရှိကချင်ပြည်နယ်မှာ ပါဝင်နေပြီးတော့ ကလေး၊ သောင်သွပ်၊ ဝန်းသိုဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပါဝင်နေပါတယ်။ ၄င်းမြို့ပြနိုင်ငံတွေဟာ လက်ရှိမှာ ရှမ်းနီလို့ ထင်ရှားတဲ့ တိုင်းရင်းသားမျိုးနွယ်စုများရဲ့ အားအင်များနဲ့ ထူထောင်ခဲ့ကြတဲ့ မြို့ပြများဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ သမိုင်းကို ရေးပြီ၊ ဖတ်ပြီ၊ မှတ်သားပြီဆိုလျှင် အထက်ပါမြို့ပြနိုင်ငံတွေမပါဘဲ ရေးလို့ကို မရပါဘူး။ မည်သည့်ဘာသာနဲ့ သုတေသနပြုရေးသားထားတဲ့ သမိုင်းစာတမ်းများဖြစ်စေကာမူ ၄င်းမြို့ပြနိုင်ငံများကို မောရှမ်းပြည်၊ အညာရှမ်းပြည်၊ Shan Burmaဆိုပြီးသာ ရေးသားဖော်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ 

၄င်းမြို့ပြနိုင်ငံများဟာ အင်အားနည်းချိန်မှာ ဗမာမင်းအုပ်ချုပ်မှုအောက် ရောက်ဖူးသလို အင်အားကြီးချိန်မှာလည်း ဗမာမင်းနေပြည်တော်ကိုသိမ်းပြီး မင်းပြုသည်အထိ ရှိဖူးပါတယ်။ ဆိုလိုတာက သည်မြို့ပြနိုင်ငံတွေကို ဗမာမင်းများကလည်း အမြဲပိုင်ဆိုင်နေခြင်း မရှိပါဘူး။ သက်သေများထဲက အင်းဝခေတ်မှာ ရေးထိုးတဲ့ မိုးညှင်းမင်းတရားကျောက်စာကို အနည်းငယ်ဖော်ပြပါ့မယ်။ သည်ကျောက်စာမှာ အင်းဝခေတ်ရဲ့ ဗမာပြည်မအဖြစ်သတ်မှတ်တဲ့ ဧရိယာကို-” အရိမတ္တန မြင်စိုင် ပင်ယ အဝဟူသည် မင်နေပြည်မဖွဲရာ ရတ္တနာရွှေဣိမ် စည်စိမ်ခံလျက် ဧရာ ပန်ရောင် ပေါင်လောင် ချင်တွင် မ္လစ်လေစင်အခံ ကံညွှတ်မျှနေသော ကြည်တောင်ဖ္လင်မျှ မြံမာပြည်အပေါင်သော”လို့ဖော်ပြပါတယ်။ သည်ကျောက်စာအရဆိုလျှင် ပုဂံ၊ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝစတဲ့ မင်းနေပြည်တော်တည်ရာ မြို့များနဲ့ ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းသာ ဗမာများနေထိုင်တဲ့ ဗမာပြည်မအဖြစ် တွေ့ရမှာဖြစ်ပါတယ်။

ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်(၁၇၄၅-၁၈၁၉)ရောက်မှသာ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော် စတဲ့ရှမ်းနီမြို့ပြနိုင်ငံများကိုအုပ်ချုပ်တဲ့ ရှမ်းနီစော်ဘွားတွေကို အမရပူရဆီ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၄င်းမြို့ပြတွေမှာ ဗမာမြို့ဝန်နဲ့ စစ်ကဲဦးဆောင်တဲ့ ဗမာတပ်တွေ အမြဲအခြေစိုက်လာပါတယ်။ ဒါတောင် ကလေး၊ သောင်သွပ်၊ ဝန်းသိုမှာ စော်ဘွားစနစ်နဲ့ အုပ်ချုပ်နေတာက ၁၈၈၆ခုနှစ်အထိပါပဲ။ အများသိကြတဲ့အတိုင်း အင်္ဂလိပ်တွေ အထိက်ဗမာပြည်ကို တိုက်ခိုက်သိမ်းပိုက်တာ ၁၈၈၅ခုပါ။ တရားဝင်ထုတ်ပြန်ပြီး သိမ်းပိုက်တာကတော့ ၁၈၈၆၊ ဇန်နဝါရီလ(၁)ရက်ဖြစ်ပါတယ်။ သိမ်းပိုက်ထားတဲ့ အထက်ဗမာပြည်ကိုအုပ်ချုပ်ဖို့ အင်္ဂလိပ်အစိုးရ ဆက်လုပ်တာက –

“စတက်ကျုဥပဒေ ၃၃ဗစ်၊ အခန်း(၃)၊ အခန်းခွဲ(၁) သက်ရောက်စေရန်။ 

ဆာချားလ်ဘားနဒ်ကို အောက်ဗမာပြည်နဲ့ အထက်ဗမာပြည်ကို ပူးတွဲအုပ်ချုပ်တဲ့ မဟာဝန်ရှင်တော်မင်းကြီးအဖြစ်ခန့်ထားရန်။”ဆိုတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အတည်ပြုချက် ပြုလုပ်တာဖြစ်ပါတယ်။ သည်အတည်ပြုချက်ကြောင့်ပဲ ၁၈၈၆ခု၊ဖေဖော်ဝါရီလ (၂၆)ရက်မှာ ဗမာပြည်ဟာ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် ရောက်သွားပါတယ်။သို့သော် ရှမ်းပြည်များကတော့ သည်ဥပဒေအရ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်ထဲမှာ မပါဝင်ပါဘူး။ စတက်ကျူဥပဒေ ၃၃ဗစ်၊ အခန်း(၃)မှာ ဖော်ပြတဲ့ ဗမာပြည်ဆိုင်ရာ အုပ်ချုပ်မှုစီမံချက်မှာ- 

” ရှမ်းပြည်များကို ချန်လှပ်၍ အထက်ဗမာပြည်ကို ဇယားဝင်စီရင်စုနယ်(ခေတ်နောက်ကျပြီး၊ မယဉ်ကျေး၊ မတိုးတက်သော၊ လက်ရှိတရားဥပဒေတို့ဖြင့် အုပ်ချုပ်ရန် အဆင့်အတန်းမမီသော၊ သီးခြားခွဲထုတ် အုပ်ချုပ်ရမည့်နယ်(Scheduled District)”လို့ဖော်ပြထားပါတယ်။

[- Report on the Administration of Upper Burma, 1886, p.5.

– Province of Burma, I, P.91(f.n); A Textbook of Indian Administration, pp.239-240. 

– မကြန်။ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး(၁၈၈၆-၉၇)နှာ- ၇/၁၁။ တို့ကို ကြည့်ပါ]

စတက်ကျုဥပဒေအရ ဖော်ပြတဲ့ ရှမ်းပြည်များကတော့ လက်ရှိရှမ်းပြည်၊ သောင်သွပ်နယ်၊ ဆင်္ဂလိန်းခန္တီးနယ်၊ ခန္တီးလုံ(ပူတာအို) နယ်တွေပဲဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် တစ်လျှောက်လုံးမှာ သည်နယ်တွေကို Shan State Act, 1888နဲ့ပဲ အုပ်ချုပ်ပြီး စော်ဘွား၊ မြို့စား၊ ပေါမိုင်း၊ ထမုံ စတဲ့ ရှမ်းအုပ်ချုပ်ရေးအဆင့်အတိုင်းကို အသိအမှတ်ပြုထားပါတယ်။အထက်ဗမာပြည်ကိုအုပ်ချုပ်ဖို့ အင်္ဂလိပ်အစိုးရရဲ့ စတင်စီမံတာကတော့ ခရိုင်(Divisions)၄ခုခွဲပြီးအုပ်ချုပ်တဲ့စနစ်ပါ။ အဲဒါတွေကတော့- 

၁။ မြောက်ပိုင်းခရိုင်မှာ- မန္တလေးစီရင်စု၊ ဗန်းမော်စီရင်စု၊ မြစ်ကြီးနားစီရင်စု၊ ကသာစီရင်စု၊ မိုးကုတ်စီရင်စု။

၂။ အလယ်ပိုင်းခရိုင်မှာ- စစ်ကိုင်းစီရင်စု၊ ရွှေဘိုစီရင်စု၊ အထက်ချင်းတွင်းစီရင်စု(ကင်းတပ်/မော်လိုက်)၊ အောက်ချင်းတွင်းစီရင်စု(မုံရွာ)။

၃။ တောင်ပိုင်းခရိုင်မှာ- မင်းဘူးစီရင်စု၊ မကွေးစီရင်စု၊ သရက်စီရင်စု၊ ပခုက္ကူ စီရင်စု။

၄။ အရှေ့ပိုင်းခရိုင်မှာ- ရမည်းသင်းစီရင်စု၊ မိတ္ထီလာစီရင်စု၊ ကျောက်ဆည်စီရင်စု၊ မြင်းခြံစီရင်စု စသည်တို့ ဖြစ်ပါတယ်။

သည်နယ်တွေဟာ ၁၈၈၆ခုနှစ်၊ အောက်တိုဘာလမှာ ပြဋ္ဌာန်းတဲ့ The Upper Burma Law Actနဲ့ Criminal and Civil Regulationတို့အရ အုပ်ချုပ်ရတဲ့ နယ်တွေဖြစ်လာပါတယ်။ အင်္ဂလိပ်အစိုးရဟာ သည်ဥပဒေနှစ်ခုကို စုပေါင်းပြီး အထက်ဗမာပြည် အုပ်ချုပ်ရေးဥပဒေလို့ သတ်မှတ်ပြဋ္ဌာန်းပါတယ်။ The  Burma Actဆိုတဲ့ ပြဋ္ဌာန်းချက် ထွက်လာတဲ့အခါမှာတော့ အထက်ပါနယ်များဟာ ဗမာ့အက်ဥပဒေအရအုပ်ချုပ်ခြင်းခံရတဲ့ နယ်မြေများဖြစ်လာပါတော့တယ်။ ဒါကြောင့်ပဲ နောင်၁၉၄၇အခြေခံဥဒေရေးဆွဲပြဋ္ဌာန်းတဲ့အခါ သည်နယ်မြေတွေကို ဗမာပိုင်နယ်မြေတွေအဖြစ် လွယ်လွယ်သတ်မှတ်ခြင်းခံရပါတယ်။ 

သည်နေရာမှာ ရှင်းလင်းအောင် ဖော်ပြလိုတာကတော့ ရှမ်းနီနယ်များဖြစ်တဲ့ ကလေးနယ်နဲ့ ဝန်းသိုနယ်များကတော့ အင်္ဂလိပ်အစိုးရရဲ့ ပထဝီဝင်နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာများအရ အုပ်ချုပ်သူ ရှမ်းနီစော်ဘွားများကို ဖြုတ်ချလိုက်ပါတယ်။ ကလေးနယ်ရှင် ရှမ်းနီစော်ဘွားကို ကဘော်နယ်အုပ်ချုပ်ရေး၊ ချင်းတောင်အုပ်ချုပ်ရေးနဲ့ အိန္ဒိယထွက်ပေါက်လိုအပ်ချက်အရ အင်္ဂလိပ်က ဖြုတ်ပြီး မော်လမြိုင်မှာ အကျယ်ချုပ်နဲ့ ကံတော်ကုန်သည်အထိ ထားခဲ့ပါတယ်။ အများသိကြတဲ့ ဝန်းသိုစော်ဘွားစဝ်အောင်မြတ်ကတော့ အင်္ဂလိပ်ကို တော်လှန်မှုနဲ့ ဖြုတ်ချခြင်းခံရပြီး တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ စန်းတာနယ်ထဲမှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။ 

ဒါ့အပြင် အင်္ဂလိပ်အစိုးရဟာ ဘိုးတော်ဘုရားလက်ထက်က ဗမာမြို့ဝန်စထားပြီး အုပ်ချုပ်ခဲ့တဲ့ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်နယ်တွေကို ဗမာမင်းအုပ်ချုပ်ရာ ဒေသများအဖြစ် သတ်မှတ်ပြီး Burma Actအရ ဗမာပြည်မနဲ့အတူရောနှော အုပ်ချုပ်ပါတော့တယ်။ သည်Burma Actထဲ ထပ်ပါသွားတာကတော့ ကလေးနယ်နဲ့ ဝန်းသိုနယ်ပဲဖြစ်ပါတယ်။ သည်အချက်တွေကြောင့်ပဲ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ကလေး၊ ဝန်းသို စတဲ့ရှမ်းနီနယ်များဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ Burma Actအရ ဗမာပြည်မထဲမှာ ပါဝင်လာပါတော့တယ်။ အမှန်တော့ သည်နယ်မြေတွေဟာ ဗမာပိုင်မြေတွေ မဟုတ်ဘူးဆိုတာ အပေါ်မှာ ကျွန်တော်ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

[- မကြန်။ မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး။ နှာ- ၄၄/၇၃-၇၅။

– Upper Burma Home Proceedings, 26March 1886, No.1-2.

– Report on the Administration of Upper Burma, 1886, p.5.

– Burmah No.1(1887) Further Correspondence relating to Burmah,C.4962,p.125. တို့ကို ကြည့်ပါ။]

သည်နေရာမှာ အမြင်ရှင်းအောင် ကချင်နဲ့ပတ်သက်တာကို ထည့်သွင်းဖော်ပြပါရစေ။အင်္ဂလိပ်အစိုးရဟာ ရှမ်းတိုင်းရင်းသားများ အုပ်ချုပ်နေထိုင်တဲ့နယ်များအဖြစ်  အသိအမှတ်ပြုရာမှာ The Shan State Actကို ၁၈၈၈ကတည်းက ပြဋ္ဌာန်းပေးခဲ့ပါတယ်။ သို့သော်  ကချင်တိုင်းရင်းသားများအတွက် ၁၈၉၅ကျမှသာ ဥပဒေပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။ သည်ဥပဒေကတော့ The Kachin Hills Tribes Regulation, 1895.ပဲ ဖြစ်ပါတယ်။ သည်ဥပဒေအရ ကချင်တိုင်ရင်းသားများနေထိုင်အုပ်ချုပ်တဲ့ တရားဝင်နယ်မြေတွေဟာ မြစ်ကြီးနား၊ ဗန်းမော်နဲ့ ကသာစီရင်စုနယ်များအတွင်းက ကချင်ဒူဝါများအုပ်ချုပ်တဲ့ တောင်တန်းဧရိယာအချို့ပဲဖြစ်ပါတယ်။ မေခနဲ့ မလိခ မြစ်နှစ်သွယ်ကြားက ဒေသအပါအဝင် လက်ရှိကချင်ပြည်နယ်တစ်ခုလုံးဟာ The Kachin Hills Tribes Regulationမှာ အလုံးစုံ ပါဝင်ခြင်း လုံးဝမရှိပါဘူး။

ပိုရှင်းအောင်ပြောရလျှင် လက်ရှိကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသမှာ 

၁။ Shan State Actအရအုပ်ချုပ်တဲ့ ရှမ်းနီနယ်တွေ

၂။ The Burma Actအရ အုပ်ချုပ်တဲ့ ရှမ်းနီနယ်တွေ

၃။ The Kachin Hills Tribes Regulationအရ အုပ်ချုပ်တဲ့ ကချင်တိုင်းရင်းသားနယ်တွေဆိုပြီး ၃မျိုးရှိနေပါတယ်။ သည်နေရာမှာ သတိပြုစေလိုတာ Kachin Hills Tribesဆိုတဲ့ ဥပဒေပါအသုံးအနှုန်းပါ။ သည်အသုံးအနှုန်း ဖော်ပြချက်အရ ကချင်တိုင်းရင်းသားတွေရဲ့ နယ်မြေတွေဟာ တောင်တန်းဒေသတွေကိုသာ ညွှန်းဆိုတာဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားများ နေထိုင်ခဲ့တဲ့ မြေပြန့်နဲ့ မြစ်ဝှမ်းလွင်ပြင်ဒေသများကို လုံးဝကိုယ်စားမပြုပါဘူး။ 

[- ခွန်းမတ်ကိုဘန်။ ပင်လုံစာချုပ်ရှင်းတမ်း(လက်စွဲစာအုပ်)။ နှာ- ၈-၉။

– ဆလိုင်းလျန်မှုန်း။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများနှင့် သဘောတရားများ။ နှာ-၁၃။ 

– ကချင်တောင်တန်းဒေသတွင် ကျင့်သုံးနေသောဥပဒေများ။ မြစ်ကြီးနား။ အစိုးရပုံနှိပ်တိုက်။ ၁၉၆၉။ 

– The Burma Gazetteer;No.48, 28Nov 1891,pp.541-542.

– Woodman, Dorothy, The Making of Burma, London, The Cresset Press, 1957, p.294/330. တို့ကိုကြည့်ပါ။]

သမိုင်းကြောင်းအရရော၊ ဥပဒေများအရပါ ကိုယ်စားမပြုတဲ့ ရှမ်းနီတိုင်းရင်းသားများရဲ့ ဒေသတွေကို ၁၉၄၇အခြေခံဥပဒေအရ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်း ထည့်သွင်းခဲ့တာဟာ ဖဆပလအဖွဲ့နဲ့ ကချင်တိုင်းရင်းသားများရဲ့ နိုင်ငံရေးအရ အနိုင်ကျင့်မှုပါ။ သည်လိုထည့်သွင်းမှုမှာ အဓိက တာဝန်ရှိတာကတော့ ဖဆပလအဖွဲ့ပဲဖြစ်ပါတယ်။ ၄င်းအနိုင်ကျင့်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးသိက္ခာမလုံကြတဲ့အခါ –

“၁၉၄၇အခြေခံဥပဒေ၊ အပိုင်း(၂) ကချင်ပြည်နယ်။ အပိုဒ်(၁၇၈)။ ဤအခြေခံဥပဒေ၏ အခန်း(၁၀)ပြဋ္ဌာန်းချက်များသည် ကချင်ပြည်နယ်နှင့် မသက်ဆိုင်ရ။ ”

ဆိုပြီး ဖဆပလဟာ ခွဲထွက်ခွင့်မပေးတဲ ထိန်းချုပ်မှုနဲ့ ကချင်တိုင်းရင်းသားတွေအတွက် ကချင်ပြည်နယ်ကို ဖော်ဆောင်ပေးခဲ့ပါတယ်။ 

သည်မသက်ဆိုင်ရဆိုတဲ့ အခန်း(၁၀)ပြဋ္ဌာန်းချက်ဟာ- 

“ခွဲထွက်နိုင်သောအခွင့်အရေး”

ဖြစ်ပါတယ်။ ခွဲထွက်နိုင်တဲ့အခွင့်အရေးကို ၁၉၄၇အခြေခံဥပဒေအရ တရားဝင်ရရှိတဲ့ ပြည်နယ်တွေဟာ ရှမ်းပြည်၊ ကရင်နီပြည်၊ ကရင်ပြည်နဲ့ ချင်းပြည်တို့သာဖြစ်ပါတယ်။ 

The Shan State Actအရ အုပ်ချုပ်တဲ့ ရှမ်းနီနယ်တွေနဲ့ The Burma Actအရ အုပ်ချုပ်တဲ့ ရှမ်းနီနယ်တွေကို နိုင်ငံရေးအနိုင်ကျင့်မှုအရ ရရှိထားတဲ့ ကချင်ပြည်နယ်အတွက် ခွဲထွက်ခွင့်ကို ဖဆပလအစိုးရရဲ့ ၁၉၄၇အခြေခံဥပဒေက လုံးဝပြဋ္ဌာန်းပေးမထားဘူးဆိုတာကို လက်ရှိတော်လှန်ရေးလုပ်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်လိုသူများအနေနဲ့ သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။

ခွဲထွက်ခွင့်မရှိတဲ့ ကချင်ပြည်နယ်အနေနဲ့ KIAပေါ်လာပြီးတဲ့နောက်မှာ ခွဲထွက်ရေးစကားတွေ အပြောများလာပါတယ်။ သူတို့ခွဲထွက်ချင်တဲ့ နယ်မြေများကိုကြည့်ပြန်တော့ လက်ရှိကချင်ပြည်နယ်အပြင်၊ ရှမ်းပြည်မြောက်ပိုင်းက ရှမ်းနယ်အချို့ပါ ပါဝင်နေတာကို တွေ့ရပါတယ်။ သည်နယ်မြေအားလုံးကိုပေါင်းပြီး ဝမ်ပေါင်သမ္မတနိုင်ငံထူထောင်ဖို့ KIAအပါအဝင် ကချင်အဖွဲ့အစည်းအများစုက ကြိုးစားနေတာကို တွေ့ရပါတယ်။ ၄င်းတို့အနေနဲ့ ဖဆပလနဲ့ အဆင်ပြေချိန်မှာ ခွဲမထွက်ခွင့်ပြဋ္ဌာန်းချက်နဲ့အတူ ပြည်နယ်ရ၊ အဆင်မပြေတော့ ခွဲထွက်ဖို့ပြင်၊ စစ်တပ်နဲ့အဆင်ပြေချိန်မှာ ငြိမ်းချမ်းရေးယူ၊ အဆင်မပြေတော့ ပြန်တိုက် စသဖြင့်လုပ်နေတာတွေက မေးခွန်းထုတ်စရာချည်းပါပဲ။ 

အထူးသဖြင့် ခွဲထွက်ခွင့်မှာ The Kachin Hills Tribes Regulationအရ တရားဝင်စတင်ပိုင်ဆိုင်ခွင့်ရတဲ့ နယ်လေးတွေယူပြီး ခွဲထွက်မှာလား။ ဒါမျိုးဆိုလျှင်တော့ ရှမ်းနီတိုင်းရင်းသားများဘက်က ကန့်ကွက်ရန် အကြောင်းမရှိပါ။ သို့သော် ကချင်ပြည်နယ်တစ်ခုလုံးကိုယူပြီး ခွဲထွက်မယ်ဆိုလျှင်တော့ ဆန့်ကျင်ကန့်ကွက်ရန် အကြောင်း ရှိလာပါပြီ။ သည်သဘောထားက KIAကိုမှ မဟုတ်ဘဲ စစ်တပ်အပါအဝင် မည်သည့်အစိုးရဖြစ်စေ နယ်မြေလုယူမှုမျိုးလုပ်လျှင်လည်း ဆန့်ကျင်ကန့်ကွက်ရမှာပဲ ဖြစ်ပါတယ်။ 

နောက်ထပ် သိရှိနားလည်ရမှာကတော့ ပြည်နယ်သစ်များဖောင်ဆောင်ရေးကိစ္စ ဖြစ်ပါတယ်။ ၁၉၄၇အခြေခံဥပဒေအရ ပြည်နယ်သစ်များဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး 

“အပိုင်း(၆)။ပြည်နယ်သစ်များ။ အပိုဒ်(၁၉၉)”

မှာဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၄၇အခြေခံဥပဒရေဲ့ မူလကျောရိုးလို့ ဆိုနိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ ရေးဆွဲထားတဲ့၊ (ဖဆပလ၏ ပဏာမညီလာခံက လက်ခံသည်)လို့ဖော်ပြထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ(မူကြမ်း)မှာတင် 

“အခန်း(၁)။ အပိုဒ်(၃)။ အခန်း(၅)။ အပိုဒ်(၂၀,၂၁,၂၂)။”တို့မှာပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ 

၄င်းပြဋ္ဌာန်းချက်များအရလည်းကောင်း၊ သမိုင်းအထောက်အထားများအရလည်းကောင်း ရှမ်းနီတိုင်းရင်သားများအတွက် ပြည်နယ်ရပိုင်ခွင့်ဟာ အပြည့်အဝရယူခွင့် ရှိပါတယ်။ မူလဌာနေလူမျိုးကြီးရဲ့အခွင့်အရေးအရ တောင်းဆိုပိုင်ခွင့်ရှိသလို ရအောင်ဖော်ဆောင်ခွင့်လည်း ရှိပါတယ်။ ဒါကို သည်ဘက်ခေတ် အထူးသဖြင့် အာဏာရှင်တော်လှန်ရေးကာလမှာ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းများက နားလည်လက်ခံဖို့လိုအပ်ပါတယ်။ တရားမျှတမှုကို လိုချင်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ ဘက်လိုက်မှုကင်းစွာ ရပ်တည်ကြဖို့လည်း တောင်းဆိုပါတယ်။

လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ တော်လှန်ရေးမှာ ပါဝင်လာကြတာကို ယေဘုယျအားဖြင့် ကောင်းတဲ့အမြင်နဲ့ကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတာဟာ လက်ရှိမြေပြင်အခင်အကျင်းပါ။ သို့သော် ပါဝင်လာခြင်းရဲ့နောက်ကွယ်က အပေးအယူ၊ အကျိုးစီးပွားကိုတော့ အများအားဖြင့် မတွက်ဆမိကြပါဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်အဆင့်အတန်းကို လိုချင်ရုံလား၊ အခွင့်သာတဲ့အချိန်မှာ နိုင်ငံထူထောင်ဖို့ပါပြင်ဆင်နေသလား ဆိုတာတွေအပြင် အနီးနားမှာကပ်နေတဲ့ တရုတ်နိုင်ငံရဲ့ သြဇာတွေနဲ့မှကင်းရဲ့လား၊ တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံ စနစ်၂မျိုးအုပ်ချုပ်ရေး ပုံစံကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက ရယူဖို့ပြင်ဆင်ထားကြသလဲ ဆိုတာတွေကိုလည်း သတိမထားမိကြပါဘူး။ ဘာနေနေ နောင်ခါလာနောင်ခါစျေး၊ အခုတော့ စစ်ခွေးများပြုတ်ကျရုံ ဆော်ကြစို့ဆိုတဲ့ ပုံစံနဲ့သွားနေတာမျိုးဟာ အနာဂတ်နိုင်ငံအတွက် အင်မတန်အန္တရာယ်ကြီးတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခနဲ့ပါ ထပ်ကြုံနိုင်တယ်ဆိုတာကိုတော့ ကြိုတင်သိမြင်ထားဖို့ လိုပါတယ်။ နောင်ခါလာ နောင်ခါစျေး လုပ်မိလို့ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရတာနဲ့ ဘယ်လိုပြဿနာတွေ ကြုံတယ်ဆိုတာကိုတော့ နမူနာယူတတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ 

ပိုအရေးကြီးတာက တော်လှန်ရေးမှာ ခြေစုံပစ်မပါဝင်သေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆွေးနွေးညှိနှိုင်းမှုပါ။  ဆွေးနွေးညှိနှိုင်းကြရာမှာလည်း သည်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဦးတည်ချက်တွေကို ပျက်ယွင်းစေမယ့် အသုံးအနှုန်း၊ အပြောအဆိုတွေ မပြောဘဲ  တရားမျှတမှုရှိရှိ၊ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ဘယ်လိုဆွေးနွေးမလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ အဲလိုပုံစံ မလုပ်ဘဲ တစ်ဘက်က အထက်စီးကနေပြီး ဆွေးနွေးလိုက်၊ နောက်တစ်ဘက် အားကိုးရှိတဲ့ မီဒီယာကနေ တစ်ဘက်သတ် တိုက်ခိုက်လိုက်၊ လူမှုကွန်ရက်တွေမှာ စစ်ကောင်စီနဲ့ပေးစားပြီး ၂ပြားမတန်အောင်ဆဲလိုက် လုပ်နေတာတွေက အာဏာရှင်အောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံအတွက် ကောင်းတဲ့အလားအလာ မဖြစ်စေပါဘူး။ 

ရှမ်းနီတွေရဲ့ဘဝက ကုန်းဘောင်ခေတ်ကစလို့ ကိုယ့်မင်းတွေ ဖြုတ်ချခံရပြီး နယ်မြေတွေ အပိုင်စီးခံရပြီးပြီ။ အင်္ဂလိပ်ခေတ်ရောက်ပြန်တော့ The Burma Actအရ နယ်မြေတွေ ထပ်ဆုံးရှုံးပြီးပြီ။

 လွတ်လပ်ရေးရပြန်တော့ ၁၉၄၇အခြေခံဥပဒေအရ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေပျောက်ခဲ့ရပြီးပြီ။ ၁၉၆၂အလွန်ကစပြီး လူမျိုးပါ ဖျောက်ဖျက်ခြင်း ခံရလို့ လုံးပါးပါးလာခဲ့ပြီ။ ၂၀၀၈ဖွဲ့စည်းပုံရဲ့ ဖိနှိပ်မှုတွေကိုလည်း ခါးစီးခံခဲ့ရပြီးပြီ။ 

ကိုယ့်မြေ ကိုယ့်ရေကို ကိုယ်မပိုင်တော့ဘဲ စစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့အချို့ရဲ့ ရတနာတွေ တူးဖော်ယူငင်အပြီး တွင်းချိုင့်ကြီးတွေ၊ မြေစာပုံကြီးတွေ၊ မိန်းမပျက်တွေနဲ့ ကုန်စျေးနှုန်းကြီးပြီး ကျန်ခဲ့ဒဏ်တွေကိုလည်း ထမ်းခဲ့ရပြီးပြီ။ အခွန်မဆောင်လို့၊ ဦးချိုးချင်လို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပစ်သတ်မှုကို ကျောင်းဆရာတွေကအစ ကျောင်းသားအဆုံး၊ ပါတီဝင်တွေကအစ အရပ်သားများအဆုံး ဥပဒေမဲ့ ခံခဲ့ကြရပြီးပြီ။ 

စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်လျှင် ကိုယ်ရွာနားပဲ ကပ်ပြီးဖြစ်လို့ စစ်တပ်ရဲ့ မိုက်ရိုင်းမှုရော၊ လက်နက်ကိုင်တပ်ရဲ့ ယုတ်မာမှုတွေပါ ခံခဲ့ရပြီးပြီ။ ခံစားခဲ့ရသမျှ ကိုယ်မျိုးဆက်သစ်တွေ ထပ်မခံစားရဖို့တော့ အတူနေလို့မဖြစ်တဲ့ လူမျိုးစုတွေနဲ့မနေဘဲ ကိုယ့်ရပိုင်ခွင့်အရ သီးခြားပြည်နယ်သစ်ထူထောင်ရန် ကြိုးစားမှုကလွဲပြီး အခြားမရှိတော့ပါဘူး။ 

သည်ကြိုးစားမှုကို လက်ရှိတော်လှန်ရေးလုပ်နေကြတဲ့ အဖွဲ့အစည်းများဘက်က စာနာနားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ သည်ကြိုးစားမှုကို အခြေခံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ဖော်ဆောင်ဖို့ လိုအပ်ပါလိမ့်မယ်။ အချုပ်အားဖြင့် ကိုယ်က အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းဆိုလျှင် တရားမျှတမှု၊ လွတ်လပ်မှု၊ ခွင့်တူညီမျှမှုနဲ့ ဝါဒဖြူစင်မှုကို သည်ကာလကတည်းက ကျင့်သုံးပြီး သက်ဆိုင်ရာ လူမျိုးအခြေပြုလက်နက်ကိုင်အဖွဲ့အစည်းအပေါ်  ရိုးဖြောင့်စွာ ဆွေးနွေးညှိနှိုင်းကြပါလို့ လေးစားစွာ မေတ္တာရပ်ခံလိုက်ရပါတယ်။   ။

“လူထုတော်လှန်ရေး အောင်မြင်ပါစေ”

“ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ပါစေ”

“ရှမ်းနီပြည်နယ် တရားဝင် တည်ဆောက်နိုင်ပါစေ”

“အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းပါစေ”

ရေးသားသူ – ဆေခမ်းဖ (​မန္တလေးတက္ကသိုလ်)

Leave a Reply

Your email address will not be published.