ထီးချိုင့်မြို့ပေါ် ပစ္စည်းပြန်သယ်တဲ့ စစ်ဘေးရှောင်ပြည်သူတချို့ မိုင်းနင်းမိပြီး သေဆုံးမှုနှင့် ဖမ်းဆီးခံရမှုများရှိလာ

ဖေဖော်ဝါရီ ၉ ၊ ထီးချိုင့်

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြန်ငြိမ်သွားလို့ မြို့ထဲပြန်ဝင်တဲ့ စစ်ဘေးရှောင်ပြည်သူတချို့ မိုင်းနင်းမိပြီး သေဆုံးသူတွေရှိတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

မနေ့က ဖေဖဝါရီ (၈) ရက်နေ့ ညနေပိုင်းမှာ စစ်ဘေးရှောင်ဒေသခံတချို့ဟာ ၎င်းတို့မြို့တွင်း နေအိမ်ကပစ္စည်းများပြန်လည်သယ်ယူဖို့အတွက် ဝင်ရောက်ချိန်မှာ စစ်ကောင်စီတပ်များ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖြစ်စဉ်ကိုသိတဲ့ စစ်ဘေးရှောင်ဒေသခံတစ်ဦးကပြောပါတယ်။

“ လေးဆယ်ကျော်တဲ့ ဖမ်းခံရတာက မြို့ထဲဝင်လို့တဲ့ သွားလို့မရဘူး မြို့ထဲကိုက မိုင်းတွေခင်းတားတာ ပတ်ခင်းထားတာ မြို့စွန်တွေမှာ နင်းမိုင်းတွေရော တိုက်မိုင်းတွေရောဆိုတော့” ၎င်းကဆိုပါတယ်။

မြို့တွင်းတိုက်ပွဲဖြစ်ပွားကြောင့် ၎င်းတို့စွန့်ခွာခဲ့စဉ်က ကျန်ရှိနေသေးတဲ့ ပစ္စည်းများ ပြန်လည်ရယူသယ်ဆောင်ဖို့ စစ်ဘေးရှောင်တွေက ဝင်ရောက်ကြတာဖြစ်တယ်လို့သိရပါတယ်။

မနေ့က ညပိုင်းမှာ ပစ္စည်းဝင်ရောက်သယ်ယူဖို့သွားတဲ့ စစ်ရှောင်တစ်ဦးလည်း မိုင်းထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ ညကြီးခိုးဝင်ကြတာ ထီးချိုင့်မြို့တွင်းကို ခိုးဝင်တော့ မိုင်းထိပြီးသေတာတွေ အဲ့မှာ။ ဒီမှာ ငါတို့ထီးချိုင်းက ခု စစ်တော့ မဖြစ်သေးပါဘူး” လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ထီးချိုင့် မြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့တာဖြစ်ပြီး ယခု ဖေဖော်ဝါရီလ ထိ သုံးလ ကြာမြင့်ခဲ့ပေမယ့် ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုတွေ အလုံးစုံသိမ်းပိုက်ထားနိုင်တာမျိုး မရှိသေးပါဘူး။

NUG၊ PDF ၊ KIA ၊ AA နှင့် ABSDF တပ် စတဲ့ တပ်ပေါင်းစုတွေ တွေနဲ့ စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့တဲ့ ၎င်းထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုအပါဝင် နှစ်ဖက်ပစ်ခတ်တဲ့လက်နက်ကြီးများကြောင့် ထီးချို့မြို့ပေါ်နေအိမ်တိုက်တာ ၈၀ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ပြီးကြောင်း သတင်းမှတ်တမ်းများအရ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *