
ဇန်နဝါရီ ၄ ၊ နေပြည်တော်
လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် ဒေသကိုအခြေခံတဲ့စနစ်ကို အဓိကထား လုပ်ဆောင်မယ်လို့ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးမင်းအောင်လှိုင်က ဒီနေ့ (၇၆) နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်းနား သဝဏ်လွှာမှာ ထည့်သွင်းပြောကြားသွားပါတယ်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရာမှာ လူမျိုးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်မှာမဟုတ်ပဲ ဒေသကို အခြေခံတဲ့စနစ်ကို ဒေသကို အခြေခံသည့်စနစ်ကို အဓိကထား ဆောင်ရွက်သွားမယ်လို့ လွတ်လပ်ရေးနေ့အထိန်းအမှတ်သဝဏ်လွှာမှာ ပြောကြားထားတာလဲ ဖြစ်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီဥက္ကဌက ၎င်းတို့တာဝန်ယူထားတဲ့ အာဏာသိမ်းကာလမှာ လွတ်လပ်၍ တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ဆိုထားပြီး ၎င်းအတွက် ဆန္ဒမဲ လွတ်လပ်စွာပေးနိုင်ရေးကို ကြိုတင်ပြင်ဆင်နေတယ်လို့လဲ ပြောဆိုသွားပါတယ်။
မဲစာရင်းများတွက် လိုအပ်တဲ့ဒေသအချက်လက်များတွက် သန်းခေါင်စာရင်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စမ်းသပ်ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်းစာရင်း ကောက်ယူသွားမယ်လို့ ဆိုထားပါတယ်။
ဗြိတိသျှလက်မှ တော်လှန်ရယူထားပြီး လွတ်လပ်ရေးကြေညားထားခဲ့တာ ၇၆ နှစ်ပြည့်မြောက်သွားခဲ့ပေမယ့် ပြည်တွင်းဒေသခံတိုင်းရင်းသားလူမျိုးအင်အားစုများနှင့် နိုင်ငံရေးအရ အာဏာခွဲဝေကျင့်သုံးမှု ကတိကဝတ်ချို့ယွင်းချက်များကြောင့် လက်ရှိချိန်ထိ ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပေါ်နေခဲ့ကြတာ ဆယ်စုနှစ် ခုနှစ်ခုကျော်လွန်ခဲ့ပြီလည်းဖြစ်ပါတယ်။