
ဖေဖော်ဝါရီ (၂၀) ၊ မဲဆောက်
(NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းဝန် ဒေါ်ကြည်ပြာကို အဂတိလိုက်စားမှုနဲ့ အာဏာအလွှဲသုံးစားလုပ်မှုအပေါ် တိုင်တန်းချက်ဖြေရှင်းဆုံးဖြတ်မှုဟာ ယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ က မနေ့က ထုတ်ပြန်ပါတယ်။
တိုင်တန်းမှုတွေကို ပြန်လည်စစ်ဆေးဖို့ NUG ကို တောင်းဆိုထားပြီး တစ်စုံတစ်ရာကျေလည်မှုမရမချင်း တက္ကသိုလ်ဝင်ခွင့်(စတုတ္ထအကြိမ်) ခေါ်ဆိုမှုကို ရပ်ဆိုင်းထားမယ်လို့ အဲ့ဒီအဖွဲ့က အသိပေးထားပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးခဲ့မှု သက်သေခံချက်တွေကို အများပြည်သူတွေထံထုတ်ပြန်ပေးဖို့ နဲ့ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်မယ်ဆိုရင် ပြန်လည်စစ်ဆေးနိုင်ရေး လုပ်ဆောင်ဖို့ကိုလည်း ဆန္ဒပြုတယ်လို့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ က ပြောပါတယ်။
သူတို့အဖွဲ့ (CDM) ပြုလုပ်တာဟာ (CDM) ဝန်ထမ်းတွေနဲ့အတူ ရပ်တည်မှုနဲ့ မတရားမှုကို ထပ်တူခံစားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို (CDM) ပြုလုပ်တာကြောင့် နစ်နာမှုတွေဖြစ်လာနိုင်ကြောင်းကိုလည်း သိရှိနားလည်ထားသလို မတရားမှုကို ဆန့်ကျင်တဲ့ (CDM) ဝန်ထမ်းရပ်ဝန်းဖြစ်တဲ့အတွက် နားလည်ပေးဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ဒေါ်ကြည်ပြာအပေါ်တိုင်တန်းချက်တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် (NUG) က ဖြေရှင်းရာမှာ “ဝန်ထမ်းတွေအပေါ် ချိုသာစွာပြောဆိုဆက်ဆံရန် ပြင်းထန်စွာသတိပေးလိုက်ကြောင်း” ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်မှုအပေါ် တိုင်ကြားသူတွေဘက်ကလည်း လက်ခံနိုင်စရာမရှိကြောင်း ချက်ခြင်းတုံ့ပြန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
“ ထုတ်ပြန်ချက်ဟာ ကျွန်တော်/ကျွန်မတို့ တင်ပြခဲ့တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ်မှာ ထင်ဟပ်မှုမရှိဘဲ အပေါ်ယံဆန်နေတာကို စိတ်မကောင်းစွာနဲ့ တွေ့ခဲ့ရပါတယ်” လို့ တိုင်ကြားသူတွေက ပြောဆိုထားကြပါတယ်။
(၂၀၂၅ )ခုနှစ် နိုဝင်ဘာလမှာ အဖွဲ့ဝင် (၁၂) ဦးပါတဲ့ ဝန်ထမ်းတွေက ဒေါ်ကြည်ပြာကို အာဏာအလွှဲသုံးစားလုပ်မှုနဲ့ အဂတိမှုတွေကို စုံစမ်းစစ်ဆေးဖို့ တိုင်ကြားခဲ့ပြီး (NUG) ကလည်း သူမကို ရာထူးကနေ ရပ်နားပြီး စုံစမ်းစစ်ဆေးမှုတွေ နှစ်လကျော်ကြာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
