
မတ် ၄ ၊ နမ့်တော
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောဒေသမှာ ဖေဖော်ဝါရီလ နှောင်းပိုင်းကစလို့ ဖုန်းလိုင်းပြတ်တောက်သွားတာကြောင့် ဒေသခံတွေဟာ ဖုန်းဆိုင်တွေမှာ တန်းစီစနစ်နဲ့ ဆက်သွယ်နေရတယ်လို့ သိရပါတယ်။
CDMA ဖုန်းလိုင်းအနည်းငယ် ရသည့်နေရာမှာ လိုင်းဆွဲအားပိုကောင်းသည့် ကိရိယာများ၊ receiver နှင့် ထပ်ဆင့်အသုံးပြုနေကြရတာလည်းဖြစ်ပါတယ်။
“ မနက်သွားရင် လူနည်းတယ်။ နေ့လည်သွားရင် လူများတော့ တန်းစီရတာ၊ အာသာဝတီမှာ။ ဟိုး. အောက်တောင်ပေါ် ကြို့ပင်ရွာ ဘုရားကုန်းပေါ်မှာဆိုရင်တော့ လိုင်းပေါ်တယ်တဲ့ ” လို့ နမ့်တောဒေသခံတစ်ဦးက ပြောပြပါတယ်။
လက်ရှိ အက်တမ်အော်ပရေတာမှာ ဖုန်းလိုင်းများသာ ပေါ်နေပြီး စာတို ( မက်ဆေ့) ပို့ဖို့ကို ခက်ခဲတယ်လို့သိရပါတယ်။
“ လုပ်ကိုင်စားသောက်ရတာလည်း မလွယ်ပါဘူးအေ။ ဖုန်းနဲ့ဆက်ပြီး ပစ္စည်းတွေ မှာရပါတယ်ဆို။ ဆက်သွယ်ရေးက ပြတ်နေတာ။” လို့ နမ့်တော ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဖုန်းလိုင်းနှင့် အင်တာနက် ခက်ခဲမှုတွေကြောင့် ဒေသခံများက အွန်လိုင်းကနေ ငွေကြေးထုတ်ယူတာတွေကိုလည်း ခက်ခဲတာစေပြီး အေးဂျင့်တွေဆီကနေ တဆင့် ရာခိုင်နှုန်းမြင့်ပေးပြီးသုံးနေကြရတာဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်အားလုံးနီးပါးကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားဆဲဖြစ်ပြီး KIA+PDF များ တိုက်ခိုက်စိုးမိုးထားသည့် မြို့နယ်အနောက်ချမ်းဒေသတွေမှာတော့ NUG ရဲ့ ဖက်ဒရယ်နက် ဟုခေါ်တဲ့ စတားလင့်တွေကို အကန့်သတ်ဖြင့်သာ ရယူနေကြတာဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်တွင်းနှင့် နမ့်တောဒေသတွေမှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဒေသတွင်းအာဏာပိုင်ဖြစ်နေသည့် ရှမ်းနီအမျိုးသားတပ်မတော် SNA ခွင့်ပြုချက်ဖြင့် ဒေသခံများရဲ့ ဆိုင်ခွဲအသီးသီးတွေမှာ စတားလင့်များကို အသုံးပြုပြီး အင်တာနက်ကို ရယူသုံးစွဲနေကြရတာလည်းဖြစ်ပါတယ်။