နမ့်တောဒေသတွင် ဖုန်းလိုင်းပြတ်တောက်မှုကြောင့် အွန်လိုင်းမှငွေထုတ်ယူမှုခက်ခဲနေ 

Screenshot

ဖေဖော်ဝါရီ ၂၅ ၊ ဟုမ္မလင်းမြို့

ဟုမ္မလင်းမြို့နယ်  နမ့်တောဒေသမှာ ဖုန်းလိုင်းပြတ်တောက်မှုတွေကြောင့် ဒေသခံတွေ အွန်လိုင်းငွေကြေးလည်ပတ်မှုမှာ နှောင့်နှေးနေရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ  လွန်ခဲ့တဲ့ ရက်ပိုင်းမှစ MPT ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေပြီး ဒေသခံတွေ အွန်လိုင်းမှ ငွေထုတ်ယူဖို့ ခက်ခဲနေသလို ငွေကြေးလည်ပတ်ဖို့လည်း ခက်ခဲလာနေပါတယ်။

“ မနေ့က နမ့်တောမှာ ပစ္စည်းဝယ်တာ၊ အပြင်ငွေလွှဲနဲ့ KPay သွားလွှဲတာ လက်မခံဘူး၊ ခါတိုင်း လိုင်းမကောင်းတာတောင်မှ ငါးရိုးတိုင်လေးတွေနဲ့ဆို  ပြောလို့ရသေးတယ်၊ ခု မမိပြန်တော့ဘူး။ လိုင်းပျောက်သွားပြန်ပြီ။ တယ်လီနောက လိုင်းမိတယ်၊ စာပို့လို့လဲ မရ၊ ဖုန်းခေါ်လို့လဲ မရပြန်ဘူး” လို့ နမ့်တော ဒေသခံတစ်ဦးက ဒေသတွင်း ဆက်သွယ်ရေးလိုင်းများ အခြေအနေကို ပြောပြပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်းမှာ ဖုန်းလိုင်းပြတ်တောက်မှုတွေဟာ မကြာခဏဖြစ်ပေါ်နေပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစလို့ လိုင်းတချို့ပြန်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

သို့ပေမယ့် ဟုမ္မလင်းမြို့ အနီးတဝိုက် နှင့် နမ့်တောဒေသတဝိုက်မှာသာ ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရှမ်းနီဒေသတွေဖြစ်ကြတဲ့ ပင်လည်ဘူး၊ ဖောင်းပြင်၊ ဗန်းမောက်၊ အင်းတော်၊ ထီးချိုင့် စတဲ့ဒေသတွေမှာ ဖုန်းလိုင်းနှင့် အင်တာနက်များ မရရှိနိုင်ခြင်းတွေကြောင့် ကုန်စည်ကူးသန်းဖလှယ်ကြတဲ့နေရာမှာ  ငွေကြေးလည်ပတ်ပေးချေခြင်းထက် ရွှေနှင့် လက်ငင်းပေးချေမှုတွေကိုသာ အဓိကအားထားနေကြရတာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံငဟာ ၂၀၂၄ ခုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသနိုင်ငံတွေမှာ အင်တာနက်ဖြတ်တောက်မှု စံချိန်တင်မြင့်တက်ခဲ့ပြီး အဆိုးရွားဆုံးနိုင်ငံဖြစ်ကြောင်း အမေရိကန်အခြေစိုက် ဒီဂျစ်တယ်အဖွဲ့တစ်ခုဖြစ်တဲ့ Access Now က မနေ့က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *