မေ ၃၁ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် နားမော်ကျေးရွာအတွင်းမှာ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ ဘိန်းဖြူရောင်းဝယ်မှုတွေ ပေါ်တင်ပြုလုပ်နေပြီး လာရောက်ဝယ်သူ သုံးစွဲသူတွေထဲမှာ အသက် ၁၀ နှစ်ကနေ ၁၅ ကလေးငယ်တွေ ပါဝင်နေတယ်လို့ မျက်မြင်တွေက ပြောဆိုကြပါတယ်။
“ ရွာထဲမှာဖိုးတွေရောင်းနေကြတာ ၊ ပေါ်တင်တွေရောင်းနေတာ ၊ ရှမ်းနီလည်းမကြောက်ဘူး PDF တွေကိုလည်း မကြောက်ဘူးဆိုပြီး သူက ပြောတာ ၊ လာဝယ်တဲ့ကလေးတွေထဲမှာ အသက် ၁၀ နှစ်ကနေ အကြီးဆုံး ၁၅ ထိတွေလာဝယ်တာနော် ရွာမှာဘာပစ္စည်းမရှိတော့ဘူး ကလေးတွေကအစအကုန်လုံးပျက်ကုန်ပြီ” လို့ မျက်မြင်တစ်ဦးက ပြောပြပါတယ်။
ဒီရွာထဲမှာ အရင်က မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေမရှိခဲ့ဖူးပဲ အခုအချိန်မှာ မူးယစ်ဆေးဝါးကို ဘေးက ရွာတွေက လူငယ်တွေကပါ လာရောက်ဝယ်နေတာတွေ တွေ့မြင်နေရတယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးအကျိုးဆက်အနေနဲ့ ကျေးရွာအတွင်းက ပစ္စည်းပျောက်ရှမှုတွေအပါအဝင် လယ်ခင်းထဲ စိုက်ပျိုးထားတဲ့ သီးနှံတွေကပါ ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။
ဗန်းမောက်မြို့နယ်က ရွှေမှော်တွေနဲ့ နီးတဲ့ကျေးရွာတွေမှာ မူးယစ်ဆေးဝါးပြဿနာက အရင်ကတည်းက ရင်ဆိုင်နေခဲ့ကြရတာဖြစ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်မှုအပါအဝင် ပညာပေးတဲ့ အဖွဲ့အစည်းတွေ အားနည်းတယ်လို့လည်း သိရပါတယ်။