ပကဖတွေက CDM ဝန်ထမ်းများအပေါ်ကျူးလွန်မှုတွေကို  CDM ကော်စီရှုတ်ချ

ဖေဖော်ဝါရီ ၁၂ ၊​ အင်းတော် 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို   မြို့နယ်ပကဖ တွေကဖမ်းဆီးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေဆောင်ရွက်ခဲ့တယ်လို့  စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီ က ရှုတ်ချကြောင်း မနေ့က ပြောဆိုထုတ်ပြန်လာပါတယ်။ 

ဇန်နဝါရီလလယ်မှာ အင်းတော်မြို့နယ် နဘားကျေးရွာအတွင်း  သတင်းပေါက်ကြားမှုစွပ်စွဲချက်နဲ့  အင်းတော် ပကဖ ၊ ပအဖ တွေက မီးရထား CDM ဝန်ထမ်းတွေကို ခေါ်ယူမေးမြန်း စစ်ဆေးမှုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ 

လာရောက်ဖမ်းဆီးစဉ် CDM ဝန်ထမ်းတွေကို ပကဖတွေက  ရိုက်နက်ထိုးကြိတ်တာ ၊  စစ်ဆေးပြီးနောက် ကျေးရွာအပြင်ဘက် ထွက်ခွာခွင့်ကို တစ်ပတ်ပိတ်ပင် ခြေချုပ်ထားရှိတာတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

ဒီလိုလုပ်ရပ်ဟာ ဥပဒေမဲ့ ကျူးလွန်ခဲ့တာဖြစ်ပြီး စစ်ကိုင်း CDM ကောင်စီက ပြင်ပြင်းထန်ထန် ရှုတ်ချတယ်လို့ပြောပါတယ်။ 

ဒါ့အပြင် ပြည်သူ့ယုံကြည်မှုတွေကို လျော့ရဲလာရင် တော်လှန်ရေးအတွက် ဆိုးရွားတဲ့ ထိခိုက်မှုတွေဖြစ်စေလိမ့်မယ်လို့လည်း အသိပေးထားပါတယ်။ 

CDM တွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလအစမှာပဲ စစ်ကော်မရှင်က ပြန်လည်ခေါ်ယူမှုတွေကို ကြေညာထားခဲ့တာဖြစ်ပါတယ်။ 

အင်းတော်မြို့နယ်တစ်ခုလုံးကို NUG က သိမ်းပိုက်စိုးမိုးထားတာဖြစ်ပြီးတော့ အရပ်သားတွေ ဥပဒေမဲ့သတ်ဖြတ်ခံရမှုတွေရှိနေသလို  လေကြောင်းတိုက်ခိုက်ခံရမှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ အင်းတော်ဒေသခံတစ်ဦးက ပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ အင်းတော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၃ ကြိမ်ရှိခဲ့ပြီး အရပ်သား သေဆုံးမှု (၁၄) ဦးရှိခဲ့ပါတယ်။ 

အင်းတော်မြို့နယ်တွင်းက ပကဖရုံး ၊ ပကဖနဲ့နီးစပ်တဲ့နေအိမ်တွေ နဲ့ စာသင်ကျောင်းမှာ တိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *