
ဧပြီ ၁၁ ၊ ပင်လည်ဘူး
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ပင်လည်ဘူးမြို့နယ်၊ ထမံမောက်လပ်ဒေသမှာ NUG ၊ PDF တွေက မူးယစ်ဆေးဝါး ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် ဒေသခံ မူးယစ်ဆေးသုံးစွဲသူတွေ လျော့ကျလာတယ်လို့ ဒေသခံများထံမှ လေ့လာသိရှိရပါတယ်။
ယခင်က မူးယစ်ဆေးဝါးတွေဖြစ်တဲ့ ဘိန်းဖြူ၊ ဘိန်းမဲတွေဟာ မြို့နယ်ရဲ့ ကျေးရွာတိုင်းနီးပါးမှာ အလွယ််တကူ ဝယ်ယူသုံးစွဲကြတဲ့ အခြေအနေတစ်ခုရှိခဲ့ပေမယ့် လက်ရှိမှာ သုံးစွဲသူ သိသိသာသာလျော့ကျလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မူးယစ်ဆေးဝါးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဦးဆောင်ပြီး စတင်နှိမ်နင်းတာမျိုးတွေ ပြုလုပ်ခဲ့ပါ။
ဒါပေမယ့် မူးယစ်ဆေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုတွေဟာ နယ်မြေတစ်ခုတွင်းမှာပဲ ပုံစံမတူကြပဲ အချို့နေရာတွေမှာ ဆက်လက်ရရှိနေကြဆဲဖြစ်တယ်လို့လည်း သိရှိထားရပါတယ်။
“ ငါတို့ဆီမှာ ဖိုး(ဘိန်းဖြူ)သုံးတဲ့သူတွေတောင် သိပ်မရှိတော့ဘူး။ ဆေးပြတ်သွားကြပီ၊ မပြတ်တဲ့သူတွေလည်း သေကုန်ကြပီ။ ကျနော်တို့ ရွာထဲက ဖိုးစား(ဘိန်းဖြူသုံးစွဲသူ)တွေ ခု လူကောင်းသူကောင်းဖြစ်နေကြပြီ၊ တစ်ချို့လည်း ဆေးဖြတ်တာ ဒဏ်မခံနိုင်လို့ သေကုန်ကြပြီ။ ဘိန်းမည်းတွေကိုတော့ ကန့်သတ်ချက်နဲ့ တိုင်းရင်းဆေးတွေအတွက် ချွင်းချက်ပေးထားတာလေးတွေတော့ ကြားမိတယ်။ အဲ့ဒါလည်း လိုသလောက် မယူရဘူး။ ရောင်းချဖို့ မယူရဘူး။ ဆေးအဖြစ်သုံးဖို့ အနည်းအကျဉ်းပဲ ခွင့်ပြုပေးထားတာမျိုးပဲကြားမိတာ။” လို့ ဒေသခံတစ်ဦးဆီမှ သိရှိရပါတယ်။
မူးယစ်ဆေးဝါးများ ဆေးသုံးစွဲသူ သိသိသာသာ လျော့နည်းလာတာကြောင့် ဒေသတွင်း သူခိုးအန္တရာယ်တွေပါ အနည်းငယ်ကျဆင်းလာပေမယ့် အခြားဒေသတွေမှာ ဆက်လက်ရရှိနေတာကြောင့် မူယစ်ဆေးတွေ ပြန်သုံးစွဲလာနိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။
“ အစိုးရတစ်ခုတည်းနှင့် ဩဇာမတူနေသလိုမျိုးကြီးတောင် ခံစားရတယ်။ ငါတို့ဆီမှာ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရဆိုတဲ့ဟာတွေ ဟိုဘက်ရောက်သွားရင် တားမည့်သူတောင်မရှိဘူး။ ဒီဘက်မှာ ဆေးမချရတဲ့သူတွေက အလုပ်သွား၊ ရွှေမျှောလုပ်၊ ကုန်ကူးရင်း အဲ့ဘက်ကို ရောက်သွားရင် ဆေးချခဲ့ပြန်ပြီ ” လို့ ပင်လည်ဘူး ဒေသခံတစ်ဦးက ဆိုပါတယ်။
ပင်လည်ဘူးမြို့နယ်တွင်းက ထမံ/မောက်လပ်ဒေသနှင့် ထိစပ်နေတဲ့ ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် အနောက်ပိုင်းဒေသတွေမှာ မူးယစ်ဆေးတွေ အလွယ်တကူရရှိနိုင်တာတွေ ဆက်လက်တွေ့မြင်နေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။