ပင်လည်ဘူးမြို့မှာ ထောက်ပို့ရဟတ်ယာဉ်တစ်စီး ပစ်ခံရကာ ထိခိုက်သေဆုံးသူရှိ 

ရဟက်ယာဉ်ဆင်းသက်စဉ် တိုက်ခိုက်ခံရသည့်မြင်ကွင်း NUG/MOD

ဩဂုတ် ၉ ၊ ရှမ်းနီအသံ 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဲ့ ထောက်ပို့ရဟတ်ယာဉ် MI-17 ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးလက်အောက်မှာရှိတဲ့  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့  ဩဂုတ် ၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ 

NUG  ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ တိုက်ခိုက်မှုကြောင့်  စစ်တပ်အရာရှိအပါအဝင် (၇) ဦး သေဆုံးပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ထောက်ပို့ရဟတ်ယာဥ် MI-17ကို မောင်းနှင်သည့်ရဟတ်ယာဥ်မှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆) ဦးတို့ ပါဝင်တယ်လို့ ဆိုထားပါတယ်။

ရှမ်းနီအသံရဲ့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ MI-17 ရဟက်ယာဉ်က လက်နက်ခဲယမ်းရိက္ခာများလာပို့ပြီး ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီတပ်သားများကို ပြန်သယ်ဖို့ ဆင်းသက်နေစဉ် လေယာဉ်အမှီးပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

လေယာဉ်တိုက်ခိုက်ခံရမှုကြောင့် ရဟက်ယာဉ်အမြီးပိုင်းမှာ မီးခိုးတွေများစွာထွက်လာပြီး  ပင်လည်ဘူးမြို့ကနေ ကန့်ဘလူမြို့ကို မောင်းနှင်ကအရေးပေါ်ဆင်းသက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာရရှိသူတွေကို  မန္တလေးတိုင်းဒေသကြီးဘက်ကို  ယာဉ်တန်းတွေနဲ့ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို NUG ၏  အမှတ် ၁ စစ်ဒေသကွပ်ကဲမှုနဲ့ စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က တွေက ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်မတိုင်ခင်မှာလည်း  MI-17 ရဟက်ယာဉ်ဟာ ပင်လည်ဘူးမြို့ကိုဆင်းသက်စဉ်မှာ ပွိုင့် 5  စက်လက်နက်ဖြင့် ပစ်ခတ်ခံရမှုရှိခဲ့ပြီး လေယာဉ်အစိတ်အပိုင်းတချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့  သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ပင်လည်ဘူးမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့များအကြား မကြာခဏ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ကာလကြာရှည်စွာ ဖြတ်တောက်ထားတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *