ပညာရေးကဏ္ဍအတွက်ကန်ဒေါ်လာ၁သန်းကျော် NUG ကသုံးစွဲထား

အောက်တိုဘာ ၅ ၊ ချင်းမိုင် 

NUG က ပညာရေးကဏ္ဍအတွက် ကန်ဒေါ်လာ ၁ သန်းကျော်သုံးစွဲထားတယ်လို့ အောက်တိုဘာ (၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။ 

“ အခုချိန်မှာ တော်လှန်ရေးနှင့် နိုင်ငံရေးတည်ဆောက်ရေးအတွက်တိုင်းပြည်ရဲ့ ပညာရေးတည်ဆောက်ရေးကို တပြိုင်တည်းလုပ်ဆောင်နေပါတယ်။  ဖက်ဒရယ်ဒီမိုကရေစီစာတမ်းပါ စံတန်ဖိုးများကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အမျိုးသာညီညွတ်ရေးအစိုးရအနေနဲ့ ပညာရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ချထားပေးခဲ့တာဖြစ်ပါတယ်” လို့ ၎င်းကဆိုပါတယ်။ 

ပညာရေးကဏ္ဍအတွက် ကန်ဒေါ်လာ ၁ သန်းကျော် ချထားပေးသလို ပညာရေးဝန်ကြီးဌာနဘက် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) အတွက် ကျပ် ၁၇၆ သန်းကျော် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၃ ခုနှစ်အတွင်းမှာ NUG က တည်ဆောက်ထားတဲ့ အခြေခံပညာရေးကဏ္ဍမှာ အွန်လိုင်းစာသင်ကျောင်းပေါင်း ၇၀ ကျော်ရှိပြီး မြေပြင်မှာ သင်ကြားနေတဲ့ စာသင်ကျောင်း ငါးထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ 

အခြေခံပညာရေးကဏ္ဍမှာ CDM ဆရာမ ၁၁၆၁၃၇ ဦးရှိနေပြီး NUG ရဲ့အဆင့်မြင့်ပညာရေးကဏ္ဍာမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/မ ၁၃၆၅၃ ဦး နဲ့ အသက်မွေးပညာရပ်မှာ ၂၁၃၀ ဦးရှိတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုပါတယ်။ 

၎င်းတို့အတွက် ထောက်ပံ့ပေးနိုင်မှုတွေဟာ  ဘဏ္ဍာရံပုံတွေတွေက အကန့်အသတ်ရှိနေတာဖြစ်တယ်လို့ NUG ကပြောဆိုထားပါတယ်။ 

NUG ရဲ့ ထိန်းချုပ်နယ်မြေတချို့က မြေပြင်စာသင်ကျောင်းတွေအတွက် ရပ်ရွာနှင့် ကျောင်းသားမိဘတွေက လစဉ်ကြေးထည့်ဝင်ငွေတွေနဲ့ လည်ပတ်နေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီကတော့ အခုနှစ် ပညာရေးကဏ္ဍမှာ တိုင်းပြည်ရဲ့ ဝင်ငွေ GDP ရဲ့ ၂.၁၈ ရာခိုင်နှုန်း ကျပ် ၃၁၄၆.၁၄၉ ဘီလီယံ သုံးစွဲထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *