
ဖေဖော်ဝါရီ ၄ ၊ နေပြည်တော်
စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစနစ်ခိုင်မာရေး ၊ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးတွေကို ရည်ရွယ်ပြီးတော့ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ကို စစ်ကော်မရှင်က မနေ့ကဖွဲ့စည်းကြောင်း ဥပဒေတစ်ရပ်ပြဌာန်းလိုက်ပါတယ်။
အတိုင်ပင်ခံကောင်စီမှာ အနည်းဆုံး အဖွဲ့ဝင်ငါးဦးပါဝင်ရမှာဖြစ်ပြီးတော့ သမ္မတက ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို တိုက်ရိုက်ခန့်အပ်ရမယ်လို့ဆိုပါတယ်။
ကောင်စီရဲ့တာဝန်တွေကတော့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ၊ နိုင်ငံတကာဆက်ဆံရေး ၊ ငြိမ်းချမ်းရေးနဲ့ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးတာ ၊ ညှိနှိုင်းဆောင်ရွက်တာတွေပြုလုပ်ရမယ်လို့ဆိုပါတယ်။
သူတို့တွေရဲ့ သက်တမ်းဟာ သမ္မတသက်တမ်းအတိုင်းဖြစ်ပြီးတော့ (၅) နှစ်လို့ဆိုနိုင်ပါတယ်။
စစ်ကော်မရှင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲပြီးနောက် လာမယ့်မတ်လအတွင်းမှာ လွှတ်တော်အစည်းအဝေးတွေစတင်သွားမယ်လို့ သိရပါတယ်။
ဒီလွှတ်တော်တွေမတိုင်ခင်မှာပဲ အတိုင်ပင်ခံကောင်စီဥပဒေကို ပြဌာန်းထားလိုက်တာဖြစ်ပါတယ်။
ကောင်စီဝင်တွေရဲ့ လစာ ၊ စရိတ် ၊အဆောင်အယောင် နဲ့ခံစားခွင့်တွေကို ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးရမှာဖြစ်ပြီးတော့ ရုံးလုပ်ငန်းတွေအတွက် နိုင်ငံတော်သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်။
အရပ်သားအစိုးရလက်ထက်မှာလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒတစ်ခုပြဌာန်းခဲ့ပြီး (NLD) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတော် သမ္မတပြီးရင် နံပါတ် (၂) နေရာတွင်ရှိတဲ့ ရာထူးအမြင့်ဆုံးထဲပါဝင်တာလည်းဖြစ်ပါတယ်။
