ဖားကန့်မြို့နယ်ထဲကို စစ်ကြောင်းအသစ်ဝင်ရောက်လာပြီးနောက် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေ 

နိုဝင်ဘာ ၁၂ ၊ ဖားကန့် 

ဖားကန့်မြို့နယ်အတွင်းကနေ အောက်တိုဘာလမှာ  တပ်ပြန်ဆုတ်ခဲ့တဲ့ တပ်မ ၃၃ ရဲ့နေရာမှာ စစ်ကြောင်းအသစ်တစ်ခုပြန်လည်ဝင်ရောက်နေပြီး တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားလာနေတယ်လို့ ဖားကန့်ဒေသခံတွေဆီကန သိရပါတယ်။​

နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကြောင်းတွေက ဖားကန့်မြို့နယ်ထဲကိုရောက်ရှိလာပြီး မှော်စီဇာကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။ 

စစ်ကြောင်းတွေထိုးတက်သွားတယ်။ လုံခင်းတံတားထိပ်မှာတော့ အဲ့ဒီမှာ စစ်ကြောင်းတွေအပြည့်ပဲ။ အသစ်ချိန်းတာ။ အသစ်ထိုးတက်သွားတာ။ဒီနေ့နဲ့ဆိုလေးရက်ရှိသွားပြီ။ တိုက်ပွဲတွေလည်းဖြစ်နေပြီ။ လေယာဉ်တွေနဲ့ချနေပြီလေ  မှော်စီဇာ ၊ မလန်း ၊ ဆိုင်းတောင်(ဆိပ်မူ)တော့မကြားသေးဘူး။ ကံဆီးတို့ ဆိုင်းရာဘက်ကိုတော့ချနေတယ်” လို့ ဒေသခံ ကျောက်စိမ်းကုန်သည်တစ်ဦးကပြောပါတယ်။

မနေ့က နိုဝင်ဘာလ ၁၁ ရက်နေ့ညမှာ ကံဆီးကျေးရွာအနီးတဝိုက်ကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ 

ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပေ။ 

နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း မှော်စီဇာကျေးရွာအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို  စစ်တပ်ရဲ့ စစ်ယာဉ်တန်းတစ်ခု မိုင်းထောင်ဖောက်ခွဲခံရမှုတစ်ခုဖြစ်ပွားခဲ့ပြီး အရပ်သားတွေထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ 

ဖားကန့်မြို့မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပြီးတဲ့နောက် ည (၈) နာရီမှ မနက် (၆) နာရီ ညမထွက်ရ ဒေသန္တရအမိန့်တစ်ရပ်ကိုလည်း ကြေညာထားတယ်လို့ဆိုပါတယ်။

“  အခုက သူတို့အမိန့်ထုတ်ထားပြီလေ ။ သူတို့ ည ၈ နာရီကနေ မနက် ၆ နာရီ ။ စစ်တပ်ပါ့လေ။ ဟိုတလောက သွားချင်သလိုသွား။ အခုက ပြန်ထုတ်ထားပြန်ပြီလေ။  အရပ်ဝတ်နဲ့လာအော်သွားတာလေလွန်ခဲ့တဲ့ နှစ်ရက်က” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားလာတာ ၇ နီးပါးကြာမြင့်လာနေသလို ကျောက်စိမ်းတူးဖော်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေဆဲအခြေအနေဖြစ်တယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်အတွင်းက ဝှေခါ ၊ တာမခံ ၊ ဆိပ်မူ စတဲ့ ကျေးရွာအုပ်စုတွေကို KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်တပ်က မှော်စီဇာကနေ ဖားကန့်မြို့အထိ ကျေးရွာတွေကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *