
ဇွန် ၁၈ ၊ ဖားကန့်
ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်အတွင်းက ပြည်သူ့စစ်+စစ်ကောင်စီတပ်ဖွဲ့များနဲ့ KIA +PDF ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် တစ်ပတ်အတွင်းမှာပင် (၈)ဦးထက်မနည်းသေဆုံးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဒီသေဆုံးမှုတွေထဲ လက်လှမ်းမှီသမျှ မေးမြန်းထားမှုအရ လုံးခင်းကျေးရွာ၊မှော်စီစာကျေးရွာနဲ့ အနီးတစ်ဝိုက်ကျေးရွာများနဲ့ ဖားကန့်မြို့အတွင်းက ထိခိုက်သေဆုံးမှုများဖြစ်ပြီး ဒေသခံအရပ်သားများပါဝင်သလို အမည်မသိပဲသေဆုံးသူများလည်း ပါရှိနေပါတယ်။
သေဆုံးမှုပုံစံများက သေနတ်ဖြင့်ပစ်သတ်ထားပြီးနောက် လမ်းဘေးတွေမှာ စွန့်ပစ်ထားမှုများ၊ ဥရုချောင်းအတွင်းမျှောချထားမှုများ၊နှစ်ဖက်လက်နက်ကိုင်များရဲ့ လက်နက်ကြီးများကြောင့် ထိမှန်သေဆုံးမှုများတို့ဖြစ်ပြီး အမျိုးသားများအပြင် အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။
မနေ့က ဇွန်လ(၁၇)ရက်နေ့ မနက်ပိုင်းမှာလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနဲ့ မှော်စီစာကျေးရွာအနီးမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ထိမှန်ကာ ကျေးရွာသားတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီလက်နက်ကြီးကျည်ကြောင့် (၅)ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသလို နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေတဲ့ တိုက်ပွဲအတွင်း ပိတ်မိနေသူအများအပြားလည်းရှိခဲ့ကြောင်း ပိတ်မိခံခဲ့ရသူတစ်ဦးထံမှ သိရပါတယ်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ သတ်ဖြတ်ခြင်းခံရတယ်ဆိုတာကို သိရှိနိုင်ခြင်းမရှိတဲ့ ယခုလိုဖြစ်စဉ်တွေဟာ ဖားကန့်မြို့နယ်အတွင်းမှာ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ လုံးခင်း ၊မှော်စီဇာ နဲ့ ဖားကန့်တဝိုက်မှာ တပ်ဖြန့်နေရာယူပြီး KIA+PDF တို့နဲ့မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
