
ဇန်နဝါရီ ၁၆ ၊ ဖားကန့်
ဇန်နဝါရီ (၂၅)မှာကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၃)ထဲပါဝင်တဲ့ ဖားကန့်မြို့နယ်မှာ ဒေသခံအများစုဟာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုအလွန်နည်းပါးနေတယ်လို့ ပါတီကိုယ်စားလှယ်များထံမှ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ ယခုလတွေမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်လည်း နယ်မြေမတည်ငြိမ်မှုနဲ့ ဒေသခံများရဲ့ကူးသန်းသွားလာရာမှာ လုံခြုံရေးအားနည်းမှုတွေကြောင့် ဆန္ဒမဲပေးဆောင်ဖို့ကို စိတ်ဝင်စားမှုမရှိသလောက်ဖြစ်နေကြောင်း ဖားကန့်မြို့နယ်က ပါတီကိုယ်စားလှယ်လောင်းတစ်ဦးက အခုလိုပြောပြပါတယ်။
“ ဒီဘက်ကဒေသခံတွေက ရွေးကောက်ပွဲလုပ်နေတာတောင်မသိကြတဲ့သူတွေလည်းရှိနေတယ် ရွေးကောက်ပွဲထက် ဒေသအတွင်းကလုံခြုံရေး ငြိမ်းချမ်းရေးတွေကိုပဲ စိတ်ဝင်စားကြတယ် ကျန်တာဘာမှသူတို့ခေါင်းထဲမထည့်နိုင်ကြတဲ့အခြေအနေပေါ့ ” ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)ရဲ့ ကိုယ်စားလှယ်လောင်းမှ ဆိုပါတယ်။
ယခုရက်တွေမှာ ရွေးကောက်ပွဲကျင်းပမယ့် အချို့ကျေးရွာအုပ်စုတွေကို ပါတီစည်းရုံးရေးများ သွားရောက်ပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ ကျေးရွာအုပ်စု(၁၅)အုပ်စုရှိတဲ့အထဲ လုံးခင်းကျေးရွာအုပ်စု၊ဆိပ်မူကျေးရွာအုပ်စု၊ဟောင်ပါးကျေးရွာအုပ်စု၊နမ့်မဖြစ်ကျေးရွာအုပ်စုတို့အပါအဝင် အုပ်စု(၈)အုပ်စုတို့မှာ ရွေးကောက်ပွဲမကျင်းပကြောင်း (UEC)ကကြညာထားပါတယ်။
“စုပေါင်းရုံးမှာတော့ မှတ်ပုံတင်ကိစ္စအလုပ်ရူပ်နေကြတယ် ဖားကန့်မြို့ပေါ်မှာ ပါတီစည်းရုံးရေးလာဆင်းတာတော့ မတွေ့ရသေးပါဘူး။ ဘုတ်ထောင်ထားကြတာတော့တွေ့တယ် ဒီမှာကမလွယ်ဘူး လက်နက်ကိုင်အဖွဲ့စုံတယ်’ ဟု မြို့ပေါ်ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖားကန့်မြို့နယ်မှာ ကျေးရွာအနည်းငယ်နဲ့ ဖားကန့်မြို့ပေါ်မှာသာ မဲရုံထားရှိနိုင်တာဖြစ်ပြီး မကျင်းပနိုင်တဲ့ကျေးရွာအုပ်စုတွေက KIA+PDF တပ်ဖွဲ့များလှုပ်ရှားနေတဲ့ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲအပိုင်း(၃)မှာ တစ်နိုင်ငံလုံးက မြို့နယ် (၆၃)မြို့နယ်မှာ ကျင်းပသွားမယ့်ထဲ ကချင်ပြည်နယ်မှာ ဖားကန့်အပြင် ယခုမြို့သိမ်းတိုက်ပွဲပြန်လည်ပြင်းထန်နေတဲ့ ဗန်းမော်နဲ့ မံစီ၊မိုးမောက်နဲ့ရွေကူ စတဲ့ (၄)မြို့နယ်ပါဝင်ပါတယ်။
