
မေ ၂၈ ၊ ဖားကန့်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ + ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း နဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြားမှာ ဒီနေ့ မေလ ၂၈ ရက်နေ့ အစောပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း တိုက်ပွဲအနီးရှိနေတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
“အိမ်နဲ့တောင် ပေ ၃၀၀ လောက်ပဲရှိတော့တာ။ မြို့ထဲမှာပဲ တွယ်(တိုက်) နေကြတော့တာ။ တောင်ပေါ်စျေးတွေနားမှာလည်းဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လုံးခင်းကျေးရွာအတွင်းကို ဝင်ရောက်လာခဲ့တဲ့ စစ်ကြောင်းဟာ ယမ်းချက်စက်ရုံ ၊ မဇွပ်ယာန်အကျဉ်းထောင် တွေအထိ စစ်ကြောင်းဖြန့်ဝင်သွားချိန် တိုက်ပွဲတွေဖြစ်ပွားတာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှုတွေရှိနေသလို အရပ်သားတချို့ကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။
ကာမိုင်းမြို့ကနေ ဧပြီလကုန်မှ စတင်ပြီး အင်အားရာနှင့်ချီပါဝင်တဲ့ စစ်ကောင်စီနဲ့ ပြည်သူစစ် ပူးပေါင်းစစ်ကြောင်းဟာ မေလ ၂၇ ရက်နေ့မှာ လုံးခင်းကျေးရွာကို ဝင်ရောက်ခဲ့ပြီဖြစ်တယ်လို့ လုံးခင်းဒေသခံတွေဆီကနေသိရပါတယ်။
ကျေးရွာအတွင်းတို့ ဝင်ရောက်လာခဲ့ချိန်မှာလည်း အသင့်စောင့်ဆိုင်းနေတဲ့ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တစ်နာရီအကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ဖားကန့်မြို့ကို စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နန့်ယားကျေးရွာ ၊ ကပ်ဇွပ်မှော် ၊ ဆိိုင်းဖရာ ၊ တံတားညီနောင်၊ ပျားအုံ ၊ နမ့်တိန်းကျေးရွာတွေမှာ တစ်လကျော်ကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီဟာလည်း ဧပြီလတတိယအပတ်ကစလို့ မိုးကောင်းမြို့နယ်၊မိုးညှင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်တွေဘက် ထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့ပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်ထဲကို စစ်ကောင်စီ ဝင်ရောက်ချိန်မှာလည်း စစ်ဘေးရှောင်ထားကြဖို့ KIA ဘက်က သတိပေးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကာမိုင်းမြို့ကစလို့ ဖားကန့်မြို့အထိ လမ်းပိုင်းရှိ ကျေးရွာတွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဧပြီလနှင့် မေလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။
