
စက်တင်ဘာ ၃ ၊ ဖားကန့်
ကချင်ပြည်နယ်၊ဖားကန့်မြို့ပေါ်က စာသင်ကျောင်းများအားလုံးကို စစ်ကော်မရှင်က မနေ့က သြဂုတ်လ(၂)ရက်နေ့ကနေစတင်ပြီး တစ်ပတ်အကြာပိတ်ပင်ခိုင်းထားကြောင်း ဒေသခံများထံမှသိရပါတယ်။
စစ်ရေးအခြေအနေကြောင့် မြို့က အ.ထ.ကကျောင်း အပါအဝင် စာသင်ကျောင်းအားလုံးကို ယာယီပိတ်ထားစေတာဖြစ်တယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ဆိုပါတယ်။
“ စစ်ရေးအခြေအနေကြောင့်ပါ တင်းမာနေကြတယ် အခုလဲမရှီကထောင်ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ကြားတယ် နှစ်ဖက် တိုက်ပွဲပြင်းထန်လာနိုင်ချေရှိနေတယ်”
စာသင်ကျောင်းယာယီပိတ်ထားမှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ်ပညာရေးမှူးရုံးကလည်း ကြေညာထားတာကို တွေ့ရပါတယ်။
မရှီကထောင်ရပ်ကွက်နဲ့အနီးတစ်ဝိုက်ကိုလည်း တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တာကြောင့် စစ်ဘေးတိမ်းရှောင်မှုများ ပြုလုပ်ဖို့ ဆော်သြထားမှုတွေလည်းရှိနေကြောင်း အနီးနေထိုင်သူများက ဆိုကြပါတယ်။
အင်အားရာနှင့်ချီရှိတဲ့ စစ်ကော်မရှင်ရဲ့စစ်ကြောင်းဟာ ကာမိုင်း-ဖားကန့်လမ်းပိုင်းမှ ဧပြီလကုန်ပိုင်းကစပြီး ဖားကန့်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးစတင်ဝင်ရောက်လာပြီး လမ်းပိုင်းတစ်လျှောက်မှာလည်း ပူးပေါင်းတပ်ဖွဲ့ KIA+PDF များနှင့် ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာပါ။
ဖားကန့်မြို့နယ်အတွက် ဒီစစ်ကူစစ်ကြောင်းဟာ တစ်လအကြာမှာရောက်ရှိခဲ့သလို နောက်ထပ်စစ်ကူတွေလည်း မိုးကောင်းမြို့နယ်ကနေ ပေးပို့မှုတွေရှိနေပြီး တိုက်ပွဲတွေပိုမိုပြင်းထန်လာတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့များနဲ့ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေများပြားနေသလို ဒေသတွင်းမငြိမ်သက်မှုတွေကြောင့် စစ်ဘေးတိမ်းရှောင်မှုနဲ့ ကုန်စည်ပြတ်လတ်မှုတွေလည်း ကြုံနေကြရကြောင်း နေထိုင်သူများက ဆိုကြပါတယ်။
