ဖားကန့်မြို့မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေရှိနေ

ဖားကန့်မြို့တစ်ဖက်ကမ်းရှိ တိုက်ပွဲကို မြင်တွေ့နေရစဉ်/ ShanNi Voice

မတ် ၅ ၊ ဖားကန့် 

ကချင်ပြည်နယ်၊ဖားကန့်မြို့ ၊မရှီကထောင်ရပ်ကွက်နောက်ဘက်ရှိ ဆုတောင်းကုန်းမှာ  စစ်ကော်မရှင်နဲ့ KPDF တပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်နေကြပြီး တိုက်ပွဲပြင်းထန်နေတာ ဒီနေ့အထိ (၄)ရက်ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

“ ထုံးဖိုနဲ့ စည်ပင်ရပ်ကွက်မရောက်ခင် ဆုတောင်းကုန်းမှာဖြစ်နေကြတာ။   အေ့တောင်အောက်မှာ ကုမ္ပဏီတွေလည်းရှိတယ်  စစ်သား(စစ်ကော်မရှင်) တွေကို  KPDF တွေကပတ်ပတ်လည်ဝိုင်းထားပြီ  လမ်းကတစ်ပေါက်လေးပဲရှိတာအေ့ဘက်က  တင်းခံနေတာ တောင်ကုန်းလဲမြင့်တော့အေ့မှာနည်းနည်းကြာနေတာ ” ဟု  ဖားကန့်မြို့ခံတစ်ဦးက ပြောပြပါတယ်။

ဒီတောင်ကုန်းပေါ် တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို  ကချင်လွတ်မြောက်ရေးတပ်မတော် KIAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပစ်ခတ်နေတာဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်တဲ့လပိုင်းကတည်းက  နှစ်ဖက်ပစ်ခတ်မှုစတင်နေတာဟု အနီးနေထိုင်သူများက ဆိုကြပါတယ်။

နှစ်ဖက်ပစ်ခတ်တဲ့ လက်နက်ကြီး၊လက်နက်ငယ်များကြောင့်  တောင်အောက်ဘက်ရှိ နေအိမ်များနဲ့ ကျောက်စိမ်းကုမ္ပဏီများ မီးလောင်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။

“ ဒီကနေမြင်နေရတယ်အတိုင်းသားကြီး မီးခိုးတွေထွက်နေတာ  လက်နက်ကြီးထုလိုက် မီးခိုးတွေအူလိုက်နဲ့ လေယာဉ်လာပစ်လဲအေ့မှာပဲ မီးလောင်နေတယ် ဘယ်ကုမ္ပဏီ ၊ဘယ်အိမ်တွေလည်းမသိတော့ဘူး”လို့ သူကဆိုပါတယ်။

တိုက်ပွဲကြောင့်  မြို့အတွင်းက ရပ်ကွက်တွေထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေလည်း ရှိနေပြီး ဒေသခံတွေကိုထိမှန်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဆုတောင်းကုန်းအနီးရှိ နေထိုင်သူတွေက ပစ်ခတ်မှုစတင်ဖြစ်ပွားကတည်းက စစ်ဘေးလွှတ်ရာရပ်ကွက်နဲ့ကျေးရွာများထံ စစ်ဘေးတိမ်းရှောင်ထားကြရတာလည်းဖြစ်ပါတယ်။ 

မြို့အနီးတိုက်ပွဲကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ကာမိုင်းမြို့မှာ ကျောင်းသား/သူတွေက သွားရောက်ဖြေဆိုကြရမှာဖြစ်တယ်လို့  သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *