
ဖေဖော်ဝါရီ ၄ ၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ KIA+ PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒေသခံ (၂၀) ဦးကျော်ထိခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာများမှ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ် ထုံးဘိုကျေးရွာ ဆု တောင်းကုန်းအနီးတစ်ဝိုက်မှာ လူနေရပ်ကွက်အတွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
၂ ရက်အတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ကလေး (၂) ဦး သေဆုံးခဲ့ပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူကလေးနှစ်ဦးထဲမှာ အသက် (၁၃) နှစ်အရွယ်ယောကျာ်းလေး တစ်ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲက ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် KIA+PDF ပူးပေါင်းတပ်တို့ရဲ့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ဇန်နဝါရီလ ၃၀ ရက်နေ့ ကတည်းက စစ်ကော်မရှင် စစ်ကြောင်းထိုးလာပြီးတော့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်တိုက်ပွဲဖြစ်ပွားရာ ထုံးဘိုရွာနဲ့ ဂျန်ကပ်ရွာ ဒေသခံတွေက မြို့ပေါ်နဲ့ ဆိပ်မူကျေးရွာဘက်သို့ စစ်ရှောင်နေကြပြီလို့ သိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၂ ကနေ့လည်း ဖားကန့်မြို့မရပ်ကွက် အ.ထ.က ကျောင်းဝင်းအတွင်းရှိ KG ကျောင်းဆောင်ပေါ်ကို လက်နက်ကြီးကျရောက်မှုကြောင့် ကလေးငယ် ၂ ဦးကျည်စထိမှန်ခဲ့ပါတယ်။
