မတ် (၂) ၊ ဖားကန့်
ဖားကန့်မြို့နယ်မှာ မနေ့က အင်္ဂါနေ့မနက် (၂) နာရီဝန်းကျင်အချိန်မှာ ဖားပြင်အနောက်ကျော နဲ့ မမုံကြားက YTT လုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုပြီး ရေမဆေးကျောက်ရှာဖွေနေသူ (၅၀)ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ဒီမြေဇာကသူတို့အောက်မှာနိုက်တာဆိုတော့ ကျောက်သွေးတောင်ကနေကြည့်တာကို ပြိုတာကို ရှင်းရှင်းကြီးမြင်ရတာ၊ နီးနီးနားနားက လူပြောတာက အနည်းဆုံး လေးငါးဆယ်ပါနိုင်တယ်။ သူတို့အလုပ်သမားတွေပေ့ါလေ၊ ဘတ်ဟိုးလည်းတစ်စီးနှစ်စီးတော့မြှုပ်သွားတဲ့ သဘောပဲ။လုပ်နေတုန်းဆိုတော့ ။ YTT တော့မဟုတ်ဘူး ၊ နားလည်မှုနဲ့ခိုးတူးနေတဲ့ဟာပေါ့” လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
ဒီလုပ်ကွက်ဟောင်းမှာ နားလည်မှုယူပြီးတော့ တရားမဝင် စက်ယန္တားကြီးတွေနဲ့ တူးဖော်နေကြတာဖြစ်ပြီး မြေစာပုံပြိုကျမှုကြောင့် ဘတ်ဟိုးတချို့လည်း နစ်မြှုပ်သွားတယ်လို့ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်မယ့် ပရဟိတအဖွဲ့တွေကိုလည်း မနေ့ကမနက်ပိုင်းမှာ မပေးဝင်သေးပဲ နေ့လည်ပိုင်းမှသာ ထိုမြေစာပုံမှာတူးဖော်နေသူတွေက ပေးဝင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလကလည်း မြေစာပုံပြိုကျမှုတွေဖြစ်ပွားခဲ့သေးသလို ထပ်မံပြိုကျနိုင်ခြေရှိတဲ့ နေရာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။