ဖောင်းပြင်-ဟုမ္မလင်းနယ်စပ်ကစစ်ဘေးရှောင်ရှစ်ရာနီးပါးသုံးလကျော်ကြာနေရပ်စွန့်ခွာတိမ်းရှောင်နေဆဲဟုဆို

ဖောင်းပြင်မြို့စျေးကို တွေ့ရစဉ် / Photo-ShanNi Voice

 မတ် ၁ ၊ ဖောင်းပြင် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဖောင်းပြင်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် နယ်စပ်ရှိ ကျေးရွာတွေက ဒေသခံ ရှစ်ရာနီးပါးဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုဟာ သုံးလကျော်ကြာမြင့်လာခဲ့ပြီလို့ စုံစမ်းသိရှိရပါတယ်။ 

ဖောင်းပြင်မြို့နယ်က လွင်ကြီးကျေးရွာ၊  သညစ်ကျေးရွာ ၊ ညောင်ကုန်းကျေးရွာ၊ သယောင်းကျေးရွာတွေက ဒေသခံ ရှစ်ရာနီးပါးက  ဖောင်းပြင်မြို့ပေါ်  ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာလည်းဖြစ်ပါတယ်။ 

“ စစ်ပြေးရှောင်ရဲ့အနေအထားက လွင်ကြီးရယ်၊ ကျွန်တော်တို့ သညစ်ရယ်၊ တစ်ခါ နောက်ပြီးတော့မှ ညောင်ကုန်းရယ် ရှစ်ရာလောက်တော့ ရှိမှာ။ တစ်ချို့လည်း နေရာ အနှံ့အပြား ဖောင်းပြင်မှာနှင့် တပ်ပေါ်မှာတွေ နေရတာပါ့။ လုံခြုံတဲ့ နေရာမှာ။” လို့ ဖောင်းပြင်မြို့ပေါ်ကို  စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ 

  စစ်ဘေး စတင်တိမ်းရှောင်စဉ်က   တပ်(စစ်ကောင်စီ)နှင့် မြို့ပေါ်ရှိသံဃာတော်တွေက ဝိုင်းဝန်းထောက်ပံ့ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စားဝတ်နေရေးအတွက် ကိုယ်တိုင်ဖြေရှင်းရတာတွေ ရှိလာနေတယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ စားနပ်ရိက္ခာက ရောက်ခဲ့တဲ့ အချိန်ပိုင်းလေးကိုတော့ တပ်ကလည်း ထောက်ပံ့ပေးတယ်။ ဖောင်းပြင်က ဘုန်းကြီးတွေကလည်း အလှူခံလို့ ထောက်ပံ့ပေးတယ်။ အဲဒီလိုပေါ့။ အခုနောက်ပိုင်းကြတော့ ကိုယ်ဘာသာကိုယ် ရှာကြံပြီးတော့လည်း စားရတာပါ့။”စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖောင်းပြင်မြို့နယ်အတွင်းမှာတော့ စစ်ရေးပြန်တည်ငြိမ်မှုတွေရှိနေပေမယ့်  လမ်းပန်းဆက်သွယ်ရေး၊ မိုင်းအန္တရာယ်တွေနဲ့ တိုက်ပွဲပြန်ဖြစ်ပွားမှာ စိုးရိမ်မှုတွေကြောင့်  ဒေသခံတွေနေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပင်လည်ဘူးမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းကိုလည်း တော်လှန်ရေးအင်အားစုများဘက်က တားဆီးပိတ်ပင်ထားတာ ၂ ရက်တာရှိပြီလို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *