ဇွန် ၁၅၊ ဗန်းမောက်
စစ်ရေးတင်းမာမှုတွေဆက်တိုက်ရှိနေတဲ့ ဗန်းမောက်မြို့နယ်အတွင်းက စာသင်ကျောင်းအားလုံးဟာ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ပိတ်ထားရပြီး ပညာဆက်လက်သင်ကြားရဖို့်အတွက် တခြားမြို့နယ်တွေမှာ သွားရောက်ပညာသင်ကြားနေရတယ်လို့ ကျောင်းသားမိဘများနှင့် ပညာရေးနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းတွေဆီကနေ သိရပါတယ်။
“ ဗန်းမောက်မြို့နယ်က စာသင်ကျောင်းတွေတစ်ကျောင်းမှမဖွင့်နိုင်ဘူး ဖွင့်မယ်ဆိုလည်း ကျောင်းသားတွေမရှိဘူး။ ရောကျောင်းသားတွေက တခြားမြို့မှတွေပါ့ ၊ တချို့က ကသာမှာတွေထား၊ တချို့တွေက မိုးညှင်း၊မန္တလေး ၊မုံရွာ၊ စစ်ကိုင်း တွေမှာ သွားထားကုန်ကြတာလေ။ ငါကတောင် ကသာ မှာထားတာ” လို့ ကျောင်းသားမိဘ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက ကျောင်းတွေဟာ ယခုနှစ်ပညာသင်နှစ်မှာလုံးဝဖွင့်လှစ်နိုင်မှာမဟုတ်တော့ဘူးလို့ ပညာရေးနဲ့ နီးစပ်သူတွေက ကျောင်းသားမိဘတွေကို အသိပေးပြီးနောက် ကျောင်းသူ/သားအများစု တခြားမြို့နယ်တွေကို ပြောင်းရွေ့ပညာသင်ကြားရတာလည်းဖြစ်ပါတယ်။
ကျောင်းအပ်နှံရေးကာလဖြစ်တဲ့ မေလနောက်ဆုံးအပတ်ထဲမှာ ဗန်းမောက်မြို့နယ်အတွင်းက ကျောင်းသူ/သားတွေဟာ ကျောင်းပြောင်းလက်မှတ်တွေရယူပြီး မိုးညှင်း၊ မိုးကောင်း၊ အင်းတော်၊ ကသာ၊ မုံရွာ၊ မန္တလေး၊ ပြင်ဦးလွင် နဲ့ ရန်ကုန်မြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ သွားရောက်ပညာသင်ကြားတာလို့ ကျောင်းသားမိဘတွေကဆိုပါတယ်။
တခြားမြို့နယ်မှာ ပညာဆက်သင်ကြားဖို့အတွက် သွားရောက်ရမှာလည်း လမ်းပိုင်းမှာ စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိတဲ့ အတွက် စာအုပ်၊ အဝတ်အစားတွေ တစ်ခုမှ ယူခွင့်မရကြဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
“ ဘာမှယူမသွားရဘူးဆိုတော့ ၁၀ သိန်းကုန်ပြီ အဝတ်အစားလည်းမယူရဘူး။ ဒီမှာပါးချင်တာ ၊ စစ်တယ်ဆိုလို့ ဟိုမှာ အကုန်ဝယ်စား ဝယ်ဝတ်ပါ့အေ ” လို့ ဆိုပါတယ်။
ဗန်းမောက်မြို့ပေါ်မှာ ပုဂ္ဂလိက ကျောင်းတစ်ကျောင်းရှိပြီး အဲ့ဒီကျောင်းမှာလည်း တခြားမြို့သို့ ပြောင်းရွေ့ပညာသင်ကြားနိုင်ခြင်းမရှိတဲ့ ကျောင်းသားအများစုတက်ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ မူလတန်းဆိုရင်လည်း ကျူရှင်ပေါ့၊ ကသာမှာတွဲလိုက်တာပေါ့။ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျူရှင်လေးတင်ပြီးရင် ကသာနဲ့ ချိတ်ဆက်ပြီး နှစ်သိန်းလေးဝင်ကြေးပေးပြီး အဲ့လိုချိတ်ဆက်ဖြေတော့တာ ၊ မြို့မှာမထားနိုင်တဲ့ဟာတွေကျတော့ ။ အဲ့တာလေးတွေကို သူ့ဝိုင်းငါ့ဝိုင်းချိတ်ဆက် ၊ ကျောင်းကတော့ တော်တော်လေးနေကြတယ်။” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း (၂၈၆)ကျောင်းရှိပြီး နှစ်စဉ် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား နှစ်သောင်းခုနှစ်ထောင်ကျော် နှစ်စဉ်ပညာသင်ကြားတာလည်းဖြစ်ပါတယ်။