သြဂုတ် ၂၃ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ် အနောက်ပိုင်း ဒေသအချို့တွင် ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
” ဒီနေ့မနက်ပိုင်းက စဖြစ်တာ ။ သုံးလေးနေရာတော့ ဖြစ်နေတယ် ။ ကျောက်တန်းနားမှာရယ် အရှေ့ကုန်းနားမှာရယ် ကျန်တဲ့နေရာတော့ သေချာမသိရသေးဘူး ။ လောလောဆယ် မပြေးနိုင်ပဲကျန်နေတဲ့ PDF တစ်ယောက်နဲ့ လက်နက်အချို့ရထားတယ် ဆိုတာပဲသိရသေးတယ် ။ ကျန်တဲ့သတင်းတွေတက်မလာသေးဘူး။ ” ဟု SNA က တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်းလည်း ၎င်းကပြောကြားသည်။
သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဗန်းမောက်မြို့နယ် အနောက်ပိုင်း ဒေသဖြစ်သော နန့်သောင် ရွာအနီးရှိ SNA ကင်းစခန်းငယ် တစ်ခုကို PDF အဖွဲ့ က တိုက်ခိုက်ခဲ့ပြီး အဆိုပါဒေသအပါအဝင် ကျေးရွာအချို့တွင် PDF များကဝင်ရောက်နေရာယူထားကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။
” နန့်သောင်ရွာနားက တောတွေထဲမှာ PDF တွေက မိုင်းထောင်ထားခဲ့တယ်ထင်တယ် ။ နွားတွေသွားနင်းမိပြီး မိုင်းလေးငါးလုံးကွဲတာကြားရတယ် ။”ဟု အဆိုပါဒေသမှ SNA တာဝန်ရှိသူကဆိုသည်။
ကြောင်လည်ကျေးရွာတွင် သီတင်းသုံးနေသော ဦးဇင်းတစ်ပါးနှင့် အသက်မပြည့်သေးသော ကျောင်းသားတစ်ဦးအပါအဝင် ပတ်ဝန်းကျင် ကျေးရွာများရှိဒေသခံ ၃ ဦးထက်မနည်းကိုလည်း PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။