ဧပြီ ၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့အနီးက Mytel ဆက်သွယ်ရေးတာဝါတိုင်တစ်ခု ဒီနေ့ ဧပြီလ ၆ ရက်နေ့မှာ ဗုံးခွဲခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ဘယ်နားက တိုင်လဲဆိုတော့ လွှစင်ကုန်းအနောက်ဘက်က တိုင်၊ နားရကန် နဲ့ လွှစင်ကုန်းကြားပေါ့ ၊ မနက် ၆ နာရီလောက်မှာ ၊ ဘာမှမဖြစ်သွားဘူး မိုးထားတဲ့အမိုးပွင့်ရုံပါပဲ “ လို့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောဆိုပါတယ်။
ဗုံးခွဲခံရမှုကြောင့် ပျက်စီးမှုအနည်းငယ်သာရှိပြီးတော့ မိုင်တဲလိုင်းတွေပျက်တောက်သွားတာမျိုးမရှိဘူးလို့လည်း ပြောဆိုကြပါတယ်။
ဗန်းမောက်မြို့နယ်ထဲက Mytel တာဝါတိုင်တွေကဖျက်ဆီးခံရမှုက ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ နားမော်ကျေးရွာက မိုင်တဲတာဝါတိုင် ဗုံးခွဲခံရပြီး လိုင်းပြတ်တောက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတချို့မှာ မိုင်းပေါက်ကွဲမှုတွေက မကြာခဏဖြစ်ပွားသလို ဓါးပြတိုက်ခံရမှုတွေကလည်းဖြစ်ပွားခဲ့ပါတယ်။
ဗန်းမောက်မြို့ပေါ်မှာ ဒီမိုင်းပေါက်ကွဲမှုမတိုင်ခင် မတ်လထဲမှာလည်း စည်ပင်သာယာရုံးဝန်းအတွင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်ပါတယ်။