

ဇွန် ၁၂ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက မံစီတိုက်နယ်ရှိကျေးရွာများ အပါအဝင် မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကျေးရွာတွေ မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုတွေဟာ များလာနေပြီး ကုသဖို့အတွက် ဆေးဝါးများ ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။
“ ဒီဘက်မင်းကုန်း ဆေးခန်းမှာလည်း ငှက်ဖျားဆေးတွေမရှိဘူး။ မံစီဆေးရုံးဘက်ကိုလည်း ဆေးတွေပြတ်နေတာ။ အဖျားသက်သာရုံလောက်ပဲ အကိုက်အခဲပျောက်ဆေးတွေပဲထိုးပေးခဲ့တာ။ စားဆေးလည်း မပေးနိုင်ခဲ့ဘူးလေ “ လို့ ရွှေတော်မှော် ကငှက်ဖျား ခံစားရနေသူလူနာ တစ်ဦးကပြောပါတယ်။
ဗန်းမောက်မြို့နယ်ထဲ နဲ့ မြို့နယ်အတွင်းဝင်ရောက်မယ့် လမ်းပိုင်းတွေပိတ်ဆို့ထားမှုတွေကြောင့် အခုလိုအရေးကြီးတဲ့ ရာသီအလိုက်ဖြစ်တတ်တဲ့ရောဂါဆေးဝါတွေပျက်ရတာလို့သိရပါတယ်။
ဆေးဝါးတွေဟာ ကျန်းမာရေးဌာနကနေ ဖြန့်ဝေဖို့ အဆင်သင့်ရှိထားပြီးဖြစ်သော်လည်း လမ်းပိုင်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ဆေးဝါးသယ်ယူနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။
“ ဆေးတွေက သယ်ယူဖို့အခက်အခဲရှိနေတယ် ဒီဘက်ဒေသကို” လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးက တုန့်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန် နဲ့ မေလအတွင်းကစလို့ ဗန်းမောက်မြို့နယ်အတွင်းမှာ ငှက်ဖျားကူးစက်မှုတွေမြင့်တက်လာခဲ့တာလည်းဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ်။
အဲ့ချိန်ကတည်းကစလို့ ငှက်ဖျားရောဂါအတွက်် ဆေးဝါးတွေ ဝယ်ယူရ ခက်ခဲနေသလို ရောဂါဖြစ်ပွားမှု အပေါ်မူတည်ပြီး ကုသမှုတွေပေးခဲ့ရတာဖြစ်တယ်လို့ မံစီကြီးဒေသစိတ် ကျန်းမာရေးမှူးကပြောပါတယ်။
ကူးစက်တဲ့ ငှက်ဖျားပိုးတွေကတော့ ပြင်းထန်တဲ့ပိုး မဟုတ်ဘဲ PV လို့ခေါ်တဲ့ (Plasmodiam vivax) ငှက်ဖျားရောဂါအပျော့စားဖြစ်ပြီး ကလေးငယ်တွေကစလို အသက်ရွယ်ကြီးတဲ့အထိ ဖြစ်ပွားမှုတွေရှိနေတယ်လို့ဆိုပါတယ်။
