
စက်တင်ဘာ ၁၆ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပကဖ) က သူတို့ထိန်းချုပ်နယ်မြေတွေမှာ အင်တာနက်လိုင်းများအားလုံးကို မနေ့ကစက်တင်ဘာ(၁၅)ရက်နေ့မှ စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
အခုလို ဝိုင်ဖိုင်အင်တာနက်လိုင်းများအား ပိတ်ပင်လိုက်ရတာဟာ လတ်တလောနယ်မြေလုံခြုံရေးအရ ဖြစ်တယ်လို့ဆိုထားပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အင်တာနက်ဆိုင်များရှိ အထိုင်စက်များနဲ့ လိုင်းခွဲစက်များကိုပါ သိမ်းယူထိန်းသိမ်းသွားမည်ဟု သိရပါတယ်။
အင်တာနက်ပိတ်ပင်ခံရခြင်းနဲ့ပတ်သက်ပြီး ဗန်းမောက်ဒေသခံတစ်ဦးက ရှမ်းနီအသံကိုအခုလိုပြောပြပါတယ်။
“ဘယ်လိုပါ့ အဆင်မပြေဘူးမောင် ၊ ဝုန်းဝုန်း ဝုန်းဝုန်းဆို ဘယ်ကိုပြေးလို့ ပြေးရမလဲ မသိဘူးပါ့အေ့ ၊ အခြားအိမ်တွေဆိုရင် တောတိုး တောင်တိုး နေကြတာပ ။ ကြားထဲက ရှမ်းနီ ဖြစ်တာနဲ့ ဖိက ဖိချင်သေး။ ဘာမှလည်း လုပ်စားလို့မရဘူးမောင် ။ အင်တာနက် မရရင် ဘာမှ သိရတော့မှာ မဟုတ်ဘူး”
ပြန်လည်ဖွင့်လှစ်မယ့်ရက်ကို ပြန်လည်ထုတ်ပြန်ပေးမှာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။
မနေ့ကစလို့ ဗန်းမောက်မြို့အနီးမှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွဲနေတယ်လို့ သတင်းမီဒီယာတချို့ဖော်ပြပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ပူးပေါင်းတပ်ဖွဲ့ KIA+PDF များက ဗန်းမောက်မြို့နယ်ရဲ့ အရှေ့ရှမ်း၊တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းအချို့ကို ထိန်းချုပ်ထားပြီး ကျန်ဒေသများကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တပ်ဖွဲ့က စိုးမိုးထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် အင်းတော်မြို့နယ် (ပ.က.ဖ) က မနေ့က(၁၅)ရက်နေ့မှာပင် အင်းတော်-ဗန်းမောက်လမ်းပိုင်းဆက်သွယ်ထားသော ဗျူဟာလမ်းနဲ့လမ်းပိုင်းအားလုံးကိုလည်း ဦးစွာပိတ်လိုက်တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာလကစလို့ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ရက်ဆက်ဆိုသလိုဖြစ်ပွားနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်ပေါ်နေတာဟု ဗန်းမောက်ဒေသခံများက ဆိုကြပါတယ်။
