ဗန်းမော်မြို့တွင်းဝင်ရောက်တဲ့ကားလမ်းတွေအားလုံးပိတ်ထားခံရမှုကြောင့်ကုန်စျေးနူန်းနှစ်ဆမြင့်တက်လာနေ

မေ ၂၀ ၊ ဗန်းမော် 

ဗန်းမော်မြို့ကိုဝင်ရောက်နိုင်တဲ့ ကားလမ်းများအားလုံး  ပိတ်ထားခံရမှုကြောင့်  ကုန်းလမ်း၊ရေလမ်းနှစ်ဆင့်ဖြင့်သွားလာနေရကာ မြို့တွင်းကုန်စျေးနူန်းများ အရင်ကထက်နှစ်ဆမြင့်တက်လာနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

   “ ကုန်စျေးနှုန်း ကတက်တာပေါ့ နှစ်ဆနီးပါးလောက်တက်တယ် အရင်တုန်းကနှစ်ရာဆိုအခုလေးရာလောက်ဖြစ်သွားပြီ ဘာလို့ဆိုဒီကားလမ်းပိတ်တော့ ကားလမ်းရတဲ့နေရာလောက်ကို ကာလမ်းနဲ့လာ ကားလမ်းပိတ်ထားတဲ့နေရာမှာ ရေကြောင်းနဲ့ပြန်လာ အေ့လိုနှစ်ဆင့်ဖြစ်သွားတာပေါ့” ဟု ဗန်းမော်မြို့ခံ လူငယ်တစ်ဦးက ပြောပြပါတယ်။

   မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိတ်ထားခံရမှုကတော့ လအနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး ယနေ့အချိန်ထိပိတ်ထားဆဲဖြစ်ကာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့  စင်းခန်းကျေးရွာကနေ ကုန်ပစ္စည်းများကို ဗန်းမော်မြို့ကို ရေကြောင်းကနေ တစ်ဆင့်ခံ သယ်ယူနေကြရတယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေမှာ ကုန်ပစ္စည်းတွေကို အဓိကသယ်ယူကူးသန်းနေသော မန္တလေး-ဗန်းမော်ကားလမ်းဖြစ်တဲ့  ဧရာဝတီမြစ်ဘက်ခြမ်းရှိ ညောင်ပင်သာကားလမ်းကိုလည်း  ဖြတ်သန်းသွားခွင့်ပိတ်ပင်လိုက်တာ သုံးရက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

“ ဗန်းမော်နဲ့မံစီလမ်းက ကားလမ်းအတိုင်းသွားလို့မရတဲ့အပြင် ဒီကျွန်တော်တို့ဧရာဝတီမြစ်ကမ်းဘက်ခြမ်းက ညောင်ပင်သာလမ်းခေါ်တာပေါ့နော် စောစောကအေ့လမ်းကို အဓိကအသုံးပြုနေကြတဲ့အချိန်မှာ အဲ့ဒီလမ်းကိုပါပိတ်သွားပြီအခု”  လို့ မံစီဒေသခံတစ်ဦးက ပြောပါတယ်။ 

ကုန်ပစ္စည်းတွေအပြင် အရပ်သားပြည်သူတွေ တွေ ဗန်းမော်ကို သွားဖို့အတွက် စာပတီး ၊ ခေါင်းတုံ စတဲ့ ကျေးရွာတွေက တဆင့်သွားနေရပြီး အခက်အခဲတွေနဲ့ ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။ 

“ ဘယ်လိုလုပ်အဆင်ပြေမလဲဗျာ ဆိုင်ကယ််နဲ့တောင်သွားလို့မရမှတော့ တစ်ခြားကဏ္ဍကတော့ ပြောမနေနဲ့တော့” လို့ သူက ဆက်ပြောပါတယ်။ 

ဗန်းမော်မြို့ကို လေကြောင်းလိုင်းဖြင့် အဓိကထားပြီး ခရီးသွားလာနေရပြီး လေယာဉ်လက်မှတ်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စုံစမ်းသိရပါတယ်။ 

ဗန်းမော်ခရိုင်အတွင်းရှိ မံစီ ၊ မိုးမောက် စတဲ့မြို့နယ်နဲ့ မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA+PDF တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် မိုးမောက်မြို့က စျေးအပါအဝင်နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *