
မတ် ၂၀ ၊ ဗန်းမော်
ဗန်းမော်မြို့နယ် က တိုက်ပွဲမဖြစ်ပွားတဲ့ မအူပင်ကျေးရွာအုပ်စုရှိ ကျေးရွာ (၈)ရွာမှာ ကျောင်းသား/သူ ၁၅၀၀ ကျော်ဟာ ပညာဆက်လက်သင်ကြားခွင့်မရကြဘူးလို့ သိရပါတယ်။
အဲ့ဒီ ကျေးရွာတွေမှာ စစ်ကောင်စီရဲ့စာသင်ကျောင်းများလည်း မဖွင့်လှစ်နိုင်နေသလို ကချင်ပညာရေးအဖွဲ့ကလည်း လေကြောင်းအန္တရာယ်တွေကြောင့် စာသင်ကျောင်းတွေ လာရောက်ဖွင့်လှစ်သင်ကြားခြင်းမရှိတာကြောင့် ပညာသင်ကြားခွင့်တွေဆုံးရှုံးနေတယ်လို့ ဒေသခံ လူငယ်တစ်ဦးကပြောပါတယ်။
“ရွာဘက်မှာ (၈) ရွာပေါင်းကို ကျောင်းသား ၁၅၀၀ လောက်ရှိတယ်၊ အဲ့ကျောင်းသား ၁၅၀၀ လောက်ကို ဘယ်လိုလုပ်ပေးရမလဲ မသိသေးဘူး၊ နှစ်ပေါင်းကြာသွားရင် ကျောင်းကမတက်၊ စာကမတတ်နဲ့ ငါတို့ရှမ်းတွေ နောက်ကျကျန်ခဲ့မှာ” လို့ မအူပင်ကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် နှစ်စကစပြီး မအူပင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီရဲ့စစ်ကြောင်းတွေနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးတင်းမာခဲ့မှုကြောင့် စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရတာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ဗန်းမော်မြို့နယ်အတွင်းရှိ မအူပင်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာအားလုံးကို KIA+PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
မအူပင်ကျေးရွာအုပ်စုရဲ့အရှေ့ဘက်မှာရှိတဲ့ ဒေါ့ဖုန်းယန်မြို့ ၊ မိုးမောက်မြို့နယ် မန်နောင်ကျေးရွာအုပ်စု တွေမှာ စာသင်ကျောင်းပေါင်း ၉၀ ကျော် ဖွင့်လှစ်သင်ကြားခဲ့တယ်လို့ သိရပါတယ်။
“ဘယ်ဘက်ကို၊ ဘယ်အဖွဲ့ကို ချိတ်ဆက်ပေးပြီး သင်ပေးရမလဲမသိဘူးဖြစ်နေတယ်။ ကချင်အဖွဲ့တွေချိတ်ဆက်ပြီး စာသင်ရင်လည်း လေယာဉ်ကို ကြောက်နေရတယ်။ လေယာဉ်ဗုံးတွေ လာချနေမှာကို စိုးရိမ်တာ၊ နောက်ကျနေပြီ၊ ခုကတည်းက ကလေးတွေက စာသိပ်လုပ်ချင်ကြတာမဟုတ်ဘူး” လို့ သူကဆက်ပြောပါတယ်။
ဗန်းမော်မြို့နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် စာရင်းတွေအရ ကျောင်းသား/သူ နှစ်သောင်းခွဲကျော်ရှိပြီး လက်ရှိမှာတော့ ကျောင်းသား/သူ အနည်းငယ်သာ ပညာဆက်လက်သင်ကြားနေရတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။
ဗန်းမော်မြို့ဟာ ခရိုင်မြို့တော်ဖြစ်ပြီး လက်ရှိချိန်ထိ KIA+PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံမြို့နေပြည်သူ တစ်သိန်းခွဲကျော် အားလုံး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာလည်းဖြစ်ပါတယ်။