ဗန်းမော်မြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းရုံးအပါအဝင် နေရာ (၃) နေရာမှာ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
နံနက် ၁၁ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ရုံးအတွင်းမှာရှိတဲ့ မော်တော်ဆိုင်ကယ်အချို့ မီးလောင်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုပါတယ်။
ဒီလိုပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒီလိုဗုံးပေါက်ကွဲပြီးတဲ့နောက် တော်လှန်ရေးအင်အားစု(URF) က စစ်တပ်တွေ ရဲတွေရှိတဲ့နေရာနဲ့ ဝေးဝေးနေကြဖို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ ရဲဝန်ထမ်းအိမ်ယာနှင့် အင်းဝဘဏ်တို့တွင်လည်း စုပေါင်းရုံးဗုံးပေါက်ကွဲပြီးနောက်မှာ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဗန်းမော်မြို့မှာ မေနဲ့ မတ်လတုန်းကလည်း ဆေးရုံကြီးအနီးနဲ့ မီတာရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။