
မတ် ၁၉ ၊ ရန်ကုန်
အာရက္ခတပ်တော်(AA)တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံဦးဆောင်ပါဝင်နေတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များနဲ့အတူ မြန်မာငွေကျပ်တန်ဖိုး (၉၆)ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို ဒီရက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံအထူးမူးယစ်ရဲတပ်ဖွဲ့ CCDAC Myanmar က မနေ့က မတ်လ(၁၈)ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ (၄၆၅)တန်၊ ကက်တမင်းကီလို(၂၀၀)တို့ကိုတွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်းကာလပေါက်စျေး ၉၆ ဒသမ ၆၂၅ ဘီလီယံ တန်ဖိုးနဲ့အတူ လူ(၁၄)ဦးကိုပါ စစ်ကောင်စီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
AA တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံဖြစ်တဲ့ ကျော်စိုးလင်း နဲ့မသီတာမြင့် ဇနီးမောင်နှံနှစ်ဦးတို့ဟာ တန့်ယန်းမြို့ ၊တောင်ကြီးမြို့၊မန္တလေးမြို့နဲ့ရန်ကုန်မြို့တို့မှာ ကားဂိတ်များဖွင့်လှစ်ထားပြီး ထိုကနေတစ်ဆင့် ခရီးသည်တင် Express ယာဉ်(၁၆)စီးတို့ဖြင့် ဦးဆောင်စီမံခန့်ခွဲဖြန့်ဖြူးနေတာဖြစ်ကြောင်း ဆိုထားပါတယ်။
ကနဦးမှာ မတ်လ(၆)ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်းမြို့နယ်၊(၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ ဂိုဒေါင်တစ်လုံးမှာ ဖြန့်ဖြူးသူ(၅)ဦးကို အိုက် ၁ ဒသမ ၂တန်တို့ဖြင့်ဦးစွာဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းကွင်းဆက်စစ်ဆေးမှုအရ ထပ်မံတွေ့ရှိခဲ့မှုတွေထဲမှာ ရန်ကုန်မြို့ကနေ မလေးရှားပင်လယ်ပြင်ကို သယ်ဆောင်တဲ့’ရွှေကောင်းသာ’စက်လှေကိုလည်း ဖော်ထုတ်ရမိခဲ့ကြောင်း သိရပါတယ်။
၎င်းတို့ဇနီးမောင်နှံနဲ့ ပူးပေါင်းပါဝင်သူအားလုံးကို ဥပဒေအရအမှုဖွင့်အရေးယူထားသလို ၎င်းတို့ရဲ့ငွေကြေးအကျိုးအမြတ်များ၊ပိုင်ဆိုင်မှုများကိုလည်း ပြည်သူ့ဘဏ္ဍာများအဖြစ်သိမ်းဆည်းနိုင်ရန် တာဝန်ရှိသူများဆောင်ရွက်နေကြတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ရန်ကုန်မြို့ကနေ ရခိုင်ဘက်ကိုပို့မယ့် မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှာ ဆက်တိုက်ဖမ်းဆီးမိခဲ့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးတဲ့ ဂိုဏ်းတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ သတင်းတွေမှာ AA နဲ့ ဆက်စပ်ကြောင်း သတင်းထုတ်ပြန်မှုတွေကို AA ဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိချေ။