မင်းကင်းမြို့နယ် လေးပုံတစ်ပုံသာ သန်းခေါင်စာရင်းကောက်ယူနိုင်မည် 

စက်တင်ဘာ ၁၈ ၊​ မင်းကင်း 

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်အတွင်း လာမယ့် သန်းခေါင်စာရင်းကောက်ယူရာမှာ လျာထားချက်အနေနဲ့ မြို့ပေါ် နဲ့  မြို့အနီးရှိကျေးရွာအုပ်စု ၁၂ စုမှာသာ ကောက်ယူဖို့ ရှိနေတယ်လို့ သန်းခေါင်စာရင်းကောက်ယူမယ့်ထဲမှာ ပါဝင်မယ့်သူတွေထံကနေ သိရပါတယ်။ 

နောက်လထဲ ကောက်မယ့် လျာထားချက်တော့ရှိတယ်။ အဲ့ဒါလဲဒီနားဝန်းကျင်ပါပဲ ၁၂ အုပ်စု ၁၃ အုပ်စုလောက်တော့ရှိမှာ။ မြို့ရဲ့ အုပ်စုက ၆၄ အုပ်စုရှိတယ် ကျန်တဲ့ဟာတွေကဟိုဟာမဟုတ်ဘူးလေးကွာ” လို့ သူက ပြောပါတယ်။ 

မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေရဲ့ လေးပုံတစ်ပုံသာ ကောက်ယူနိုင်မှာဖြစ်ကာ စစ်ကောင်စီအုပ်ချုပ်နိုင်ခြင်းမရှိတဲ့ ကျေးရွာလေးဆယ်ကျော်မှာ ကောက်ယူမှာမဟုတ်ဘူးလို့သိရပါတယ်။ 

မင်းကင်းမြို့ပေါ်မှာ လူဦးရေ သုံးထောင်ကျော်နဲ့ ကျေးရွာတွေမှာ နေထိုင်သူ တစ်သိန်းကျော်ရှိပြီး စစ်ကောင်စီက မြို့ပေါ်နှင့် အနီးတဝိုက်ကျေးရွာတွေမှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေနိုင်တာလည်းဖြစ်ပါတယ်။ 

ကျန်တဲ့ နေရာတွေဟာ စစ်ကောင်စီက ထိန်းချုပ်မှုလည်းမရှိဘူးလေကွာ ၊ မြို့နဲ့ဝေးတဲ့ဟာတွေကြတော့ သွားလာမှုတွေလုံခြုံရေးကလည်း မပေးနိုင်ဘူး။ အဓိကကောက်မယ့်သူတွေက ကျောင်းဆရာ/မတွေ ၊ စာရေးတွေပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ သန်းခေါင်စာရင်းအတွက် မြို့ပေါ် နဲ့ အနီးတဝိုက်ကျေးရွာတွေကိုသာ ကောက်ယူသွားဖို့သာ လျာထားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးဟာ ၂၀၂၁ ခုနှစ်ကစပြီး နေအိမ် အဆောက်အဦးတွေ မီးလောင်ပျက်စီးမှု နဲ့ ပဋိပက္ခဖြစ်ပွားမှု အမြင့်ဆုံးသော တိုင်းဒေသကြီးတစ်ခုထဲမှာပါဝင်နေတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူချိန်မှာလည်း အိမ်ထောင်စု ၁ သန်းနီးပါးကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ 

တစ်နိုင်ငံလုံးအတိုင်းအတာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *