အောက်တိုဘာ ၆၊ မိုးကောင်း
မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှထွန်းကို အမည်မသိ သေနတ်သမားတွေက အောက်တိုဘာလ ၅ ရက်နေ့ ညဦးပိုင်းအချိန်မှာ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
သေနတ်သမားတွေက ဦးလှထွန်းကို သုံးချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး မိုးကောင်းပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ အိမ်ထဲမှာဖြစ်တာမဟုတ်ဘူး၊လမ်းပေါ်မှာသွားရင်းနဲ့လုပ်သွားတယ်လို့ကြားတယ်။သူ့အိမ်မှာတော့မဟုတ်ဘူး။မိုးကောင်းအခြေအနေကဘယ်လိုလဲဆိုတော့အခုလိုပစ်တာခတ်တာပြန်ဖြစ်လာပြီဆိုတော့အခြေအနေသိပ်မကောင်းဘူးလို့ပြောရမှာ” လို့မိုးကောင်းဒေသခံတစ်ဦးကပြောပါတယ်။
ဦးလှထွန်းက ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ရွှေကိန္နီဆန်စက် ၊ ရိတ်ခြွေ နှင့် ထွန်စက်များ အငှားလိုက်တဲ့ လုပ်ငန်း လုပ်ကိုင်နေတဲ့ တစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူဆီကနေ သိရပါတယ်။
ရေရှင်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။
မိုးကောင်းမြို့နယ်အတွင်းမှာ လေးမိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ၊ လေးမိုင်ဘုန်းတော်ကြီးကျောင်းဆရာတော်တို့က ၂၀၂၂ ခုနှစ်အတွင်းမှာ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလမှာပဲ စစ်ကောင်စီတပ်ရဲ့ ကျောင်းလာကြိုသည့်ကားအပစ်ခံရမှုနဲ့ ပတ်သက်ပြီး မိုးကောင်းဒေသခံအများအပြားဖမ်းဆီးခံရကာ ဆီဆိုင်ပိုင်ရှင် လုပ်ငန်းရှင်အမျိုးသမီးလည်း စစ်ကောင်စီရဲ့ စစ်ကြောရေးအတွင်း သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။