မိုးညှင်းမြို့တွင်  ကား၊ဆိုင်ကယ်ဖမ်းဆီးနေမှုကြောင့်ကျေးလက်နေသူ‌တွေမြို့ပေါ်မလာရဲကြ

မိုးညှင်းမြို့လယ် သံတတားကိုဖြတ်သန်းနေသည့် ဆိုင်ကယ်များကိုတွေ့ရစဉ်

ဇန်နဝါရီ၁၇မိုးညှင်း 

မိုးညှင်းမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးနေမှုကြောင့် ကျေးလက်နေသူတွေက မြို့ပေါ်ကို မလာရဲကြဘူးလို့ ဒေသခံတွေဆီကနေစုံစမ်းသိရှိရပါတယ်။ 

မိုးညှင်းမြို့အဝင်  ၊ အုတ်ကျင်းရပ်ကွက် ၊ BOC စက်သုံးဆီဆိုင်အနီး နဲ့ စိုက်ပျိုးရေးရုံးအနီးမှာ  ဇန်နဝါရီလ ၁၅ရက်နေ့စတင်ပြီး  စစ်ကောင်စီတပ်များ ၊ ရဲ နဲ့ မော်တော်ပီကယ် တွေ ပူးပေါင်းပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

မြို့ပေါ်မှာအခုလိုဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် မိုးညှင်း- အင်းတော်ကြီး ယာဉ်လိုင်း(ကားအသေး) ပြေးဆွဲနေသူတွေနဲ့  ကျေးလက်နေဒေသခံတွေ လာရောက်မှုမရှိတော့ဘူးလို့လည်း မိုးညှင်းမြို့ ပေါ်နေ ဒေသခံတစ်ဦးက ပြောပြပါတယ်။

“ ညီမတို့အဝတ်အစားတွေတာပို့တာတောင် ရွှေကချင်နဲ့ပဲပို့ရတော့တာ လိုက်ထွက်တို့ဘာတို့ဆိုမလာတော့ဘူးလေ သူတို့ကလိုင်စင်မပါတော့ ခါတိုင်းက မိုင်းနောင် အင်းတော်ကြီး တွေကိုသွားနေတဲ့ ကားတွေရှိတယ်လိုက်ထွက်လေ အေ့ကားနဲ့ပဲပါးနေကျ ခုကသူတို့လဲလိုင်စင်မရှိတဲ့ခါကျ မထွက်ရဘူး ” လို့ မိုးညှင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။ 

ကျေးလက်တွေမှာ   မောင်းနင်နေကြတဲ့ ယာဉ်တွေအများစုက လိုင်စင်မဲ့တွေဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ မြို့ပေါ်ကို မလာရောက်ကြတာလို့ ဆိုပါတယ်။  

 ဖမ်းဆီးခံရဲ့ ဆိုင်ကယ်တွေကိုလည်း   အမျိုးအစားနဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး   တစ်သိန်းကနေ သုံးသိန်းဝန်းကျင်ထိတောင်းခံနေကြတာ ဖြစ်ပြီးတစ်ချို့ယာဉ်တွေကတော့ ပြန်လည်ရွေးယူလို့မရဘူးလို့ဆိုကြပါတယ်။ 

        “မိုးညှင်းမှာ ကားတွေဖမ်းနေလို့လေ  မထွက်ဘူးဒီနေ့လဲ၊  မနက်ဖြန်တော့အစီအစဉ်တော့ရှိတယ်ထွက်ဖို့  ဘယ်လိုလာအုံးမလဲမသိဘူး “  ဟု အင်းတော်ကြီးဒေသနှင့် မိုးညှင်းမြို့ကို လိုင်းကားပြေးဆွဲနေသူ တစ်ဦးကပြောပါတယ်။ 

 မိုးညှင်းမြို့မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက တစ်ပတ်ကြာဖမ်းဆီးမှုတွေ ရှိခဲ့ပြီး  လက်ရှိဖမ်းဆီးမှုက  နှစ်ကြိမ်မြောက် ဖမ်းဆီးမှုပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *