မေ ၂၁ ၊ နန်းမား
မိုးညှင်းမြို့နယ်၊ နန်းမားမြို့မှာ လျှပ်စစ်မီတာခပေးဆောင်တဲ့နေအိမ်နည်းပါးမှုကြောင့် လျှပ်စစ်ဖြတ်တောက်ခံထားရတာဟာ ရက်ပေါင်း(၂၀)ခန့် ရှိလာပြီဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ မီတာဆောင်ထားတယ်ဆိုရင်တောင်မှ မဆောင်တဲ့သူတွေများတော့မလာဘူးလေ အခုလည်းအေ့လိုပဲဖြစ်နေတာပါ့ မီးမရှိရင်ကနော် တကယ်အလုပ်မဖြစ်ဘူးပြောသာတာပြောတာ အခုဆိုမီးသွေးပဲသုံးနေရတာ ညကျရင်ဖယောင်းတိုင်နဲ့ပါ့ တစ်ချို့ကျတော့လည်း အောက်ဆီဂျင်ရုံးမှာဖုန်းတွေ အခမဲ့သွင်းပေးတယ်လေ အေ့မှာကျတော့လည်းမစောင့်နိုင်ဘူး လူတွေကအများကြီးပဲ ရာသီဥတုကပူ’ဟု နန်းမားကျေးရွာသူ တစ်ဦးက ပြောပါတယ်။
ယခုလမေလအစပိုင်းကနေစတင်ကာ ယနေ့(၂၁)ရက်နေ့ထိတိုင် လျှပ်စစ်မီးဖြတ်တောက်ခံထားရတာဖြစ်ပြီး နန်းမားမြို့အတွင်း မီတာခကြွေးကျန်သိန်းငါးထောင်ခန့် ရှိတယ်လို့ သိရပါတယ်။
ပေးဆောင်ခဲ့တဲ့နေအိမ်တွေက တစ်ရွာလုံးကိုမှ ဆယ်ပုံတစ်ပုံခန့်သာ ရှိခဲ့တယ်လို့သိရပြီး အဲ့သလိုမီတာခမပေးသွင်းကြတာဟာ တော်လှန်ရေးအင်အားစုများဘက်က ခြိမ်းခြောက်ပြောဆိုနေမှုတွေကြောင့်လို့ လျှပ်စစ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ဆောင်တဲ့သူတော့ရှိတယ် ခြိမ်းခြောက်ခံရတာလေနန်းမားက ဆယ်ပုံတစ်ပုံတောင်မရှိပါဘူးနန်းမားက ဒါကြောင့်နန်းမားတစ်မြို့လုံးကို မီးဖြတ်ပလိုက်တာ ဖြတ်ပြီးနောက်လည်းမဆောင်ဘူးလေ ဆောင်တယ်ဆိုရင်လည်း ရန်ပြုခံရမှာလေ နန်းမားမှာတော်လှန်ရေးက အားအကောင်းဆုံးလေ” လို့သူကပြောပါတယ်။
ရာသီဥတုပူပြင်းနေတာအပြင် လျှပ်စစ်မီးပါမရရှိပဲ အအေးမပေးနိုင်တော့တာကြောင့် ကျေးရွာတွင်းအသုဘကိစ္စများရှိလာရင် နေ့ချင်းသဂြိုလ်နေရကာ မီးသွေးတစ်အိတ်လျှင် (၁၃၀၀၀)ကျပ်ဖြင့် စျေးကြီးပေးဝယ်ယူနေကြရတယ်လို့ ဆိုကြပါတယ်။
နဘားလမ်းဆုံနှင့်မိုးညှင်းမြို့ကြားက လမ်းပိုင်းတွင်လည်း ယခုရက်ပိုင်းမှာမိုးသက်လေပြင်းကျရောက်မှုကြောင့် လျှပ်စစ်မီးကြိုးနဲ့ဓာတ်တိုင်များထိခိုက်ပျက်စီးထားပြီး ကချင်ပြည်နယ်တစ်ခုလုံးနီးပါး လျှပ်စစ်မီးပြတ်နေပြီး ပြုပြုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။