မိုးညှင်းမြို့မှာ ဩဂုတ်လ ၂၆ ရက်နေ့ညကတည်းက ရွာနေတဲ့ မိုးကြောင့် မြို့ပေါ်ရပ်ကွက်နဲ့ လမ်းမတွေမှာ ရေနစ်မြှုပ်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့ စိမ်းရတနာမွန်တောင်/မြောက် ၊ ဗောဓိကုန်း ရပ်ကွက် နဲ့ သံလမ်းအောက်ဘက်အခြမ်းနေထိုင်တဲ့ ရပ်ကွက် နဲ့ နေအိမ်ထဲမှာ ရေဝင်ရောက်နေပြီး ပေ ၆၀ လမ်းမတွေလည်း ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ရေတွေက ဒူးဆစ်ကျော်တယ်။ တချို့နေရာတွေမှာဆို ဆိုင်ကယ်မောင်းရင်း စက်ရပ်တယ်။ အိတ်ဇောထဲရေဝင်ပြီးတော့” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
မြို့ကို ဖြတ်စီးနေတဲ့ ချောင်းဖြစ်တဲ့ နန့်ရင်းချောင်းလည်း ရုတ်တရက်တက်လာပြီး ချောင်းအနီးနားဝန်းကျင်မှာရှိတဲ့ အောက်ချိုင့်ရပ်ကွက်တွေရေနစ်မြှုပ်နေတာလည်းဖြစ်ပါတယ်။
မိုးညှင်းမြို့အနီးဝန်းကျင်မှာရှိတဲ့ ပင်းဟဲချောင်းလည်း ရေကြီးနေပြီး ဘေးပတ်ဝန်းကျင်က စပါးစိုက်ခင်းတွေထဲ ချောင်းရေဝင်ရောက်နေတယ်လို့လည်း တောင်သူတွေဆီကနေ သိရပါတယ်။
ဒီရေကြီးမှုကြောင့် ပျက်စီးမှုအခြေအနေတွေက လတ်တလောမတွေ့ရသေးဘူးလို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။
မိုးသည်းထန်မှုကြောင့် ရေက ဆက်လက်မြင့်တက်နေပြီး ပြန်ကျမယ့်အရိပ်အယောင်မတွေ့ရသေးကြောင်းလည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ၊ကွမ်ရှီပြည်နယ်ကနေ ဖြတ်ကျော်နေတဲ့ အပူပိုင်း မုန်တိုင်း “ မ-အွန်” ဟာ အနောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းမှာ လေပွေလှိုင်းဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒက ခန့်မှန်းထားပါတယ်။
လေပွေလှိုင်း မြန်မာနိုင်ငံမှာရောက်တဲ့အချိန်ကျရင် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ မိုးပိုနေမယ်လို့လည်း သတင်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။