ဇန်နဝါရီ ၉ ၊ မိုးညှင်း
မိုးညှင်းမြို့ကနေ ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဆီကို နေ့ညမပျက် ယမ်းဖောင်( ၁၂ ဘီး) ကားတွေနဲ့ စက်သုံးဆီသယ်ယူနေကြတယ်လို့ မိုးညှင်းဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ အခုညကြီးကို ယမ်းဖောင်ကားတွေနဲ့ ဖြတ်နေတာ ။ ဘယ်နားကပိတ်တာလဲ ရီတောင်ရီချင်နေတယ်။ ညကြီး ဒီဘက်ကွင်းလမ်းဘက်ကနေ နန့်မွန်း ၊ အင်းတော်ကြီးဘက်ကို သွားနေတာ ၊ ဆီစျေးတွေတောင် မှော်ထဲမှာပြန်ကျနေပြီ” လို့ စက်သုံးဆီသယ်ယာဉ်တွေအကြောင်း ကို ဒေသခံတစ်ဦးက ပြောပါတယ်။
စက်သုံးဆီ ပေပါ ၅၀ နီးပါးဆံ့တဲ့ ယမ်းဖောင်ကားတွေဟာ ညအချိန်မှာ ဖြတ်သန်းနေကြတာဖြစ်ပြီး ကျောက်စိမ်းတူးဖော်နေတဲ့ ဖားကန့်ဒေသဆီိသို့ အဓိကသယ်ယူနေတာလို့ ဆိုပါတယ်။
ဖားကန့်မြို့မှာလည်း တိုက်ပွဲတွေငြိမ်သက်ပြီးနောက် ကျောက်စိမ်းတူးဖော်မှုတွေ အပြင်းအထန်ပြုလုပ်နေကြပြီး စစ်ကောင်စီတပ် ၊ KIA/KIO ရဲ့ ခွင့်ပြုချက်တွေနဲ့ တူးဖော်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့မှလွှဲပြီး ကျန်တဲ့မြို့နယ်အားလုံးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစပြီး စစ်ကောင်စီက စက်သုံးဆီဖြတ်တောက်ထားတာဖြစ်ပါတယ်။
သို့ပေမယ့် စက်သုံးဆီရရှိဖို့အတွက် စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့နယ်၊ ကောလင်းမြို့နယ်တွေဆီကနေ သယ်ယူပြီး ကချင်ပြည်နယ် တစ်ခုလုံးကို ဆိုင်ကယ်တွေနဲ့ သယ်ယူဖြန့်ဖြူးရောင်းချနေကြတာဖြစ်ပါတယ်။
လက်ရှိမှာ ဆိုင်ကယ်နဲ့သယ်ယူသူတွေဟာ လျော့နည်းလားပြီး ခရီးသည်တင်ယာဉ်လိုင်းများ၊ ယမ်းဖောင်ကားများဖြင့် စက်သုံးဆီတွေကိုသယ်ယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်က ဖားကန့်ဒေသအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထိန်းချုပ်ထားတဲ့ ဒေသများသို့ တရားမဝင်စက်သုံးဆီတင်ပို့နေသူ (၁၇)ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ ဖမ်းဆီးခဲ့ကြောင်း ကြေညာထားပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကနေ စတင်ပြီးတော့ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ် ၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊မန္တလေးတိုင်း စတဲ့ တော်လှန်ရေးလက်နက်ကိုင်များထိန်းချုပ်ထားတဲ့ အချို့ဒေသတွေဆီ စက်သုံးဆီစီးဆင်းမှု ပြတ်တောက်စေရန်အတွက် စစ်ကောင်စီက စက်သုံးဆီတင်သွင်းခွင့်ကို ပိတ်ပင်ခဲ့တာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ဖားကန့်ဒေသတွေမှာ စက်သုံးဆီတစ်ပေပါ သိန်း(၂၀)ထိ ပေါက်စျေးရှိနေပြီး ဓာတ်ဆီတစ်ဂါလံ (၄၄၀၀၀)ကျပ်၊ ဒီဇယ်တစ်ဂါလံ (၄၂၀၀၀)ကျပ် စသည်ဖြင့် ဝယ်ယူသုံးစွဲနေကြကြောင်း သိရှိရပါတယ်။