သေဆုံးသူ (၅)ဦးထိရှိလာ
ဇန်နဝါရီ ၂၉ ၊ နန်းမား
မိုးညှင်းမြို့နယ် နန်းမားကျေးရွာမှာ စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုတွေကြောင့် ကျေးရွာသားများ ထိမှန်သေဆုံးနေမှုတွေက ရက်ဆက်ဖြစ်ပွားနေပြီး သေဆုံးသူ(၅)ဦးထိ ရှိလာတယ်လို့ ဒေသခံများရဲ့ ပြောပြချက်တွေအရ သိရှိရပါတယ်။
ဒီနေ့ ဇန်နဝါရီလ (၂၉)ရက်နေ့ မနက်(၈)ခွဲအချိန်ခန့်ကလည်း ညောင်ပင်သာရပ်ကွက်အထွက်ရှိ စာသင်ကျောင်းအနီးမှာ ကျရောက်ပေါက်ကွဲလာတဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး ဖြတ်သန်းသွားလာသူ အဘိုးအိုတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ ဒီနေ့မနက် လက်နက်ကြီးမှန်တဲ့ဟာက သူကမိုးညှင်းကနေပြန်လာတာ စျေးဝယ်ပြီးပြန်လာတာတဲ့ နန့်ဆော်လော်မှာနေတာ ။၊ အဘိုးက လက်နက်ကြီးကျတာနဲ့ဆိုတော့ လက်နက်ကြီးစမှန်ပြီးတော့ တစ်ခါတည်းဆုံးတာ” ဟု နန်းမားကျေးရွာသားတစ်ဦးက ပြောပြပါတယ်။
သေဆုံးသွားသူက အသက်(၆၀)အရွယ်ရှိ ဦးမြင့်ဖေအမည်ရှိသည်ဟု သိရပြီး ၎င်းနှင့်အတူ ဆိုင်ကယ်စီးနှင်လိုက်ပါလာသူကတော့ ခြေထောက်ထိမှန်ကာ ခြေထောက်ကျိုးပြတ်သွားကြောင်း ကျေးရွာသားများထံမှ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့သည့်ရက်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေသူတစ်ဦးလည်း ယနေ့မနက်ပိုင်းမှာပင် ဆုံးပါးသွားခဲ့ပြီဖြစ်တာကြောင့် လက်နက်ကြီးထိမှန်သေဆုံးသူ လေးရက်အတွင်း (၅)ဦးထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့မှာလည်း နန်းမား ညောင်ပင်သာကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် KG ဆရာမ သားအမိ နှင့် အမျိုးသား တစ်ဦး ထိမှန်သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။