နိုဝင်ဘာ ၄ ၊ မိုးမောက်
မိုးမောက်မြို့နယ် လုံဂျာတောင်အနီးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတည်ငြိမ်သွားပေမယ့် စစ်ဘေးတိမ်းရှောင်လာသူတွေ နေရပ်ပြန်ဖို့ စဉ်းစားနေကြရဆဲဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။
“တိုက်ပွဲကတော့ လောလောဆယ် နှစ်ရက်က အသံငြိမ်ထားတာဟုတ်တယ်။ လောလောဆယ်အသံငြိမ်ထားတဲ့အခါကျတော့ ရွာပြန်ရမှာလား နေရမလား ဒွိဟတော့ဖြစ်တယ်” လို့ မိုးမောက်ရှမ်းစာယဉ်ဥက္ကဌ ဦးစိုင်းယီက ပြောဆိုပါတယ်။
လက်ရှိမှာ အလှူရှင်တွေနဲ့ INGO တချို့ရဲ့ အကူအညီ လှူဒါန်းမှုတွေနဲ့ စုပေါင်းပြီး နေထိုင်စားသောက်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။
လုံဂျာ၊ နောင်ပေါင်း ကျေးရွာတွေက စစ်ရှောင် ၇၀၀ ကျော်ဟာ မိုးမောက်မြို့နယ် လောကမာရဇိန်ဘုန်းတော်ကြီးကျောင်းမှာ ခတ္တတည်းခိုတိမ်းရှောင်နေကြရသလို တချို့လည်း ဗန်းမော်မြို့က မဟာသိမ်တော်ကြီးဘုရားဘက်ကို တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။
စစ်ဘေးတိမ်းရှောင်လာတဲ့သူတွေဟာ ဆေးဝါးနဲ့ အစားအသောက်အခက်အခဲတွေရှိနေတာကြောင့် သူတို့တွေကို ကူညီလှူဒါန်းပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့တွေက တိုက်တွန်းထားကြပါတယ်။
မိုးမောက်မြို့နယ်မှာ လုံဂျာတောင်အနီးမှာ အောက်တိုဘာလ ၂၀ ရက်နေ့ကနေ နိုဝင်ဘာလဆန်းအထိ KIA PDF နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဘက်က လေယာဉ်အသုံးပြုပြီးတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ လုံဂျာတောင်ဘက်ကို ပစ်ခတ်တာတွေရှိနေပြီး ဒီလိုပစ်ခတ်မှုတွေကြောင့် မိုးမောက်မြို့ပေါ်နဲ့ကျေးရွာတွေက အရပ်သားသုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရသလို သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။