
ဇန်နဝါရီ ၂၁ ၊ ဗန်းမော်
မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ်တွေဟာ ရွေးကောက်ပွဲကို ပြုလုပ်နိုင်တော့မှာ မဟုတ်တော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ပါတယ်။
ဒီလိုကြေညာလိုက်တာကြောင့် ပြည့်ခိုင်ဖြိုးပါတီမှ ရရှိထားတဲ့ မံစီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကွမ်ဆန်းကို မံစီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIA+PDF ပူးပေါင်းတပ်ဖွဲ့တို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ တတိယအပိုင်း ကျင်းပမှာဖြစ်ပေမယ့် မြို့ပေါ် ရပ်ကွက် (၁၀) ခုမှာ ပြုလုပ်နိုင်မှာမဟုတ်တော့ဘူးလို့ဆိုပါတယ်။
မြို့ပေါ်ရပ်ကွက်စာရင်းတွေအရ ညောင်ပင် ၊ သီရိ ၊ ဆင်ကုန်း ၊ သာစည် စတဲ့ရပ်ကွက်သုံးခုမှာသာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်သူ ခြောက်သောင်းနီးပါးရှိပြီး လက်ရှိရွေးကောက်ပွဲကျင်းပတဲ့ ရပ်ကွက်တွေမှာ နေထိုင်သူ စာရင်းအရ တစ်သောင်းကျော်သာရှိတာလည်းဖြစ်ပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့ကစလို့ ကခ(၂၁)၊ ခလရ(၄၇) တပ်ရင်းနှင့် ထောက်ပို့တပ်ရင်း (၉၃၃) စတဲ့နေရာတွေမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယခုရွေးကောက်ပွဲကျင်းပမယ့်ရပ်ကွက်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာ မီတာအနည်းငယ်မျှသာ ကွာဝေးပါတယ်။
ရွေးကောက်ပွဲတတိယအပိုင်းကို ဗန်းမော်ခရိုင်ထဲက ဗန်းမော် ၊ မိုးမောက် ၊ မံစီ ၊ ရွှေကူမြို့တွေမှာ ကျင်းပသွားဖို့ ကြေညာထားပေမယ့် ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှ မဲဆန္ဒနယ်မြေတချို့ကို ဖျက်သိမ်းကြောင်း ထပ်မံကြေညာတာလည်းဖြစ်ပါတယ်။
မံစီမြို့နယ် နဲ့ မိုးမောက်မြို့နယ်တွေကို KIA က (၂၀၂၄) ခုနှစ်မှာ ထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲတွေငြိမ်သက်နေတဲ့ မြို့နယ်တွေလည်းဖြစ်ပါတယ်။
