မံကပ်ဒေသစိပ်က စာသင်ကျောင်း (၃၃) ကျောင်း မဖွင့်ဖို့တားမြစ်ခံထားရမှုကြောင့် ပိတ်ထားရ 

ဇွန် ၉ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မံကပ်ဒေသစိပ်က စာသင်ကျောင်း (၃၃) ကျောင်း မဖွင့်ဖို့ တားမြစ်ခံထားရမှုကြောင့် ပိတ်ထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ မံကပ်ဒေသစိပ်  (၉) အုပ်စုက ၃၃ ကျောင်း မဖွင့်ရဘူး ၊ ခြိမ်းခြောက်ထားတယ်လေ ဆရာမတွေက ပြန်ကုန်တာပါ့အေ သူ့ရွာကိုယ့်ရွာ သူ့နေရပ်ကိုယ့်နေရပ်ပြန်ကုန်တာပါ့။ ဒေသခံတွေလည်းမလုပ်ရဲဘူးလေ” လို့ ဒေသခံ တစ်ဦးက ပြောပြပါတယ်။ 

ရှမ်းနီအသံကို ဆက်သွယ်ပြီး ပြောဆိုခဲ့တဲ့ Non CDM  ကျောင်းဆရာ/မတွေက ကျောင်းပိတ်ဖို့ PDF တွေက တားမြစ်ထားတာဟုတ်ပြီး ဆက်ဖွင့်မယ်ဆိုရင် အရေးယူမယ်လို့ပြောဆိုကြပါတယ်။

ပိတ်ထားရတဲ့ ကျောင်းတွေထဲမှာ အထကကျောင်း (၄) ကျောင်းပါဝင်ပြီး ကျန်တဲ့ ၂၉ ကျောင်းက အလက နဲ့ မူလတန်းကျောင်းတွေဖြစ်တယ်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ် PDF အဖွဲ့က က ကျောင်းတွေကို ဖွင့်ရင် အရေးယူမယ်လို့ ဇွန်လ (၄) ရက်နေ့မှာ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။​

မိဘတွေကြားမှာလည်း ကလေးတွေပညာသင်ခွင့်ဆုံးရှုံးတာနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာလည်းဖြစ်ပါတယ်။ 

“ ငါတို့ရှမ်းနီနယ်က ကလေးတွေ ပိုက်ဆံရှိတဲ့ကလေးတွေပဲ ကျောင်းတက်ရပြီး မရှိတဲ့ကလေးတွေက မတက်ပဲ ဒီအတိုင်းပဲနေရတော့မှာလည်း တစ်သက်လုံး ပြီးရင် နှစ်နှစ်တော်ပြီလေ ၊ တော်လှန်ရေးက ဒီလိုနဲ့ ပြီးသွားတော့မှာလား ၊မပြီးမခြင်း ကျောင်းမတက်ရတော့ဘူးလား” လို့ ရှမ်းနီမိဘတစ်ဦးက ပြောပါတယ်။ 

ပိတ်ထားလိုက်ရတဲ့ စာသင်ကျောင်း (၃၃) ကျောင်းမှာ နှစ်စဉ် စာသင်သူဦးရေ နှစ်ထောင်ဝန်းကျင်ရှိ တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ဖုန်းလိုင်းရရှိမှုက တစ်မြို့လုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်သာရှိပြီး အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားခြင်းခံနေရတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့မှာ NUG စီစဉ်နဲ့ အွန်လိုင်းပညာရေးစနစ်ကို အလှမ်းမမှီသလို ဗန်းမောက်မြို့နယ်ဒေသကာကွယ်ရေးအက ဖွင့်လှစ်တဲ့ ကျောင်းတွေလည်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *