
ထိုအဖွဲ့သည် တော်လှန်ရေးလုပ် နေသည်ဆိုပြီး အမည်ခံထားသည်။ တော်လှန်ရေးဆိုသည့် စကားရပ်ကို ရေလဲသုံးစွဲနေပြီး၊ ဖက်ဒရယ်အရေး၊ တန်းတူအခွင့်အရေး ကိုလည်း တလျှောက်လုံးဟစ်ကြွေးနေ၏။
ယခုအခါ ထိုအဖွဲ့၏ မျက်နှာဖုံးသည် တဖြည်းဖြည်းချင်း ကွာကျလာနေသည်။
မြန်မာ့လူ့ဘောင်ရဲ့သဘာဝအရ အပေါ်ယံအမြင်ဖြင့်ကြည့်ပြီးဆုံးဖြတ်တတ်ကြသည့်အပေါ် အခွင့်ကောင်းယူပြီး ထိုအဖွဲ့သည် နည်းလမ်းပေါင်းစုံဖြင့် လိမ်လည်လှည့်စား၏။ ထိုအဖွဲ့ကျွမ်းကျင်သည့်အရာများထဲတွင် လှည့်ဖြားစဉ်းလဲမှုသည်လည်းတစ်ခုအပါအဝင် ဖြစ်သည်။
ထိုသို့ပရိယာယ်ပေါင်းစုံနှင့် လှည့်ဖြားခြင်း အမှုကို ယခင်ကလည်းလုပ်ခဲ့သည်၊ ယခုလည်းကျင့်ကြံမြဲ ကျင့်ကြံ၏။ ယင်းသို့လုပ်ဆောင်နိုင်ရန်လည်း အမျိုးမျိုးသောမီဒီယာ၊ ဝါဒဖြန့်ချိရေးပေါင်းစုံနှင့် မှိုလိုပေါက်နေသည့်အဖွဲ့အစည်မျိုးစုံ စသည်ဖြင့် မွေးမြူထား၏။
တော်လှန်ရေးဆိုပြီး အရေခြုံထားသည့်ထိုအဖွဲ့သည် အများယုံလောက်အောင် တိုက်ခြင်း ခိုက်ခြင်းများကိုလည်း လုပ်ပြ၏။ မြို့သိမ်းရွာသိမ်း ခေါင်းစဥ်ဖြင့်၎င်းတို့မလိုသည့် မြို့ရွာများကိုလည်းဖျက်ဆီးပစ်၏။ ပစ်မှတ်ထားသည့် လူ့အဖွဲ့ အစည်း၊ တိုင်းရင်းသားလူမျိုးနွှယ်တို့ကိုလည်း နာမည်ဖျက်လားဖျက်၏။ ထိုသို့လုပ်ဆောင်နိုင်ရန် တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ မွေးထားသည့် ဝါဒဖြန့်ချိရေး မျိုးစုံကနေတဆင့် ထောင်ချောက်အမျိုးမျိုးဆင်ပြီးလှည့်စားပြ၏။
တိုင်းပြည်လွတ်မြောက်ရေးအတွက် ထိုအဖွဲ့ထံတွင် လိုအပ်ချက်အရ သင်တန်းများ တက်ရောက်နေကြသည့် လူငယ်များသည် အချိန်ကာလတစ်ခုကိုဖြတ်သန်းပြီးသည့်အခါ၌ ထိုအဖွဲ့၏ အတွင်းသဘောကို တစစနှင့် သဘောပေါက်လာကြပြီဖြစ်သည်။ ထိုအဖွဲ့၏ သရုပ်သကန်ကိုလည်းသိနားလည်လာကြကုန်ပြီ။ သဘောထားမမှန်သည့် ထိုအဖွဲ့၏ ဗီဇရုပ်အမှန်သည်လည်း တဖြည်းဖြည်းနှင့်ပေါ်လွင်လာပြီး ဟန်ဆောင်မျက်နှာဖုံးသည်လည်း ကွာကျလာနေပြီဖြစ်သည်။
ထိုအဖွဲ့သည် မီးရထားလမ်း နှင့် တံတားများစွာကို မိုင်းခွဲလား ခွဲ၏။ လူသတ်၏၊ ဆက်ကြေးကောက်၏၊ မုဒိန်းကျင့်၏၊ အဓမ္မ တပ်သားသစ် စုဆောင်း၏။
လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံကို ကျူးလွန်လား ကျူးလွန် ၏။
မြေပေါ် မြေအောက် သယံဇာတမျိုးစုံကိုလည်း တရားမဝင်ထုတ်ရောင်းကုန်၏။ ဆက်ကြေးအပါအဝင် တိုက်ရိုက် နှင့် သွယ်ဝိုက်စွာ ရရှိငွေသည် ကျပ်သိန်းပေါင်း သိန်းသောင်းချီမက ရှိသည်။ ဒေါ်လာ နှင့် ယွမ်ငွေ တန်ဖိုးသန်းချီရှိနိုင်သည်။ နှစ်ကာလများစွာကရရှိခဲ့သည့် ထိုငွေကြေး မြောက်များစွာသည် ဘယ်ဆီရောက်ကုန်မှန်းမသိ။
ထိုအဖွဲ့၏ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ ဒုက္ခပေးမှုကြောင့် မုဆိုးမ၊ တခုလပ်၊ ဒုက္ခိတနှင့် သားသေ လင်ပျောက် အတိဒုက္ခရောက်ကြရသူများ မြောက်များစွာရှိနေပြီဖြစ်သည်။
စစ်မှန်သည့်တရားနည်းလမ်းကျသည့် တော်လှန်ရေးသည် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ မှသည် လူမျိုးတစ်မျိုး၊ ထိုကနေ တိုင်းပြည်တစ်ပြည် ယင်းကတဆင့် ကမ္ဘာသူကမ္ဘာသား အားလုံးလွတ်မြောက်ရေးသည် အကောင်းဆုံးပင်မဟုတ်ပါလား။
ကိုယ့်အတွက်ကြောင့် အခြားသောသူများကိုမထိခိုက်စေရ။
ထိုသို့မဟုတ်မူဘဲ ကိုယ့်အတွက် နှင့် သူတပါး ပုဂွိုလ် အဖွဲ့အစည်း၊ တိုင်းနိုင်ငံများက
အစတေးခံ ပေးဆပ်နေရပါလျှင် မှန်ပါ၏လော။
ဒေသအတွင်းကအတူနေ တိုင်းရင်းသားပြည်သူအများသည် ထိုအဖွဲ့၏ ကိုယ်ကျိုးအတွက် အချောင် အစတေးခံနေကြရသည်မှာ တရားနည်းလမ်းကျပါ၏လော။
နှစ်ကာလများစွာကတည်းက ထိုအဖွဲ့၏ အနိုင့်ကျင့်စော်ကား လူ့အခွင့်အရေးချိုးဖောက်မှုကို ခံနေကြရသည့် ဒေသတွင်းက အတူနေတိုင်းရင်းသားမျိုးနွှယ်များနှင့်လည်းမတည့် ယခုအခါ ထိုအဖွဲ့
နှင့် မဟာမိတ်ဆိုသည့် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အချို့နှင့်လည်း ပဋိပက္ခဖြစ်နေ၏။ သို့ဖြင့် ထိုအဖွဲ့၏ မျက်နှာဖုံးနောက်ကွယ်က ဗီဇစရိုက်ကို လူအများ သတိပြု သိရှိလာကြကုန်၏။
တစ်နည်းအားဖြင့် အရေခြုံထားသည့် မျက်နှာဖုံး၏ နောက် ကွယ်က ပကတိသဘောထားကို အလုံးစုံမဟုတ်တောင် တစွန်းတစ သိမြင်လာကြကုန်၏။
ထိုအဖွဲ့၏ လုပ်ရပ်မှားမှားမှန်မှန် ဇွတ်မှိတ်ထောက်ခံ နေကြသူများကိုယ်တိုင်က ယခု လတ်တလော အဖြစ်အပျက်များကိုအခြေခံပြီး မချိတင်ကဲဝေဖန်နေကြကုန်ပြီ။ ၄င်းသို့ ထောက်ခံ နေကြသည့် အဖွဲ့၏ အဆိုးအကောင်းကို မည်သို့ ဝေဖန်ဖန် အကြောင်းမဟုတ်။ အခြားလူမျိုးနှင့် အဖွဲ့အစည်းကို ပုတ်ခတ်စော်ကားသည်များက ၎င်းတို့၏ အကျင့်စရိုက်ကို အများသိအောင် ဖော်ပြရာ မရောက်နေဘူးလား။ ထိုအဖွဲ့၏ အကြောင်းကို ဂဃနဏသေချာစွာ သိရှိထားသည့် ၎င်းတို့၏ အဖွဲ့ဝင်ကိုယ်တိုင်က အများသိအောင် ဖွင့်ချလာမည့်အချိန်သည် မဝေးတော့ပြီ။
စဉ်းစားမိသည်မှာ ထိုအဖွဲ့က တိုက်ရိုက် နှင့် သွယ်ဝိုက်စွာ ဝါဒဖြန့် ပုံဖော် နေသည့် ရန်သူတော်ကြီးဆိုသည့်အဖွဲ့၏လုပ်ရပ်များအတိုင်း ထိုအဖွဲ့၏လုပ်နည်းလုပ်ဟန်များသည်ကလည်း မပိုလျှင်သာရှိမည်။ လျော့ကားမလျော့။ တချို့အရာများက ပို ကောင်းပိုနိုင်အုံးမည်။ ၎င်းတို့၏ ရန်သူတော်ကြီးဆိုသူနှင့်လည်း ပေါ်တင်တစ်မျိုး၊ တိတ်တိတ်ပုန်းတစ်ဖုံ တွေ့လားတွေ့၏။
ထိုအဖွဲ့ကို မင်းသားခေါင်းဆောင်းထားသည့် ဘီလူးဟု ဆိုရမည်လား၊ ကိုယ်ဖော်သည့်ဆေးကိုယ်စားရသည်ဟု ပြောရမည်လား၊ လည်လွန်းသည့်ဘီး ချေးသင့် ဟု အမည်တပ်ရမည်လား၊ ကိုယ့်ရှူးကိုယ်ပတ်ဟု တံဆိပ်ကပ်ရမည်လား မသိ။ ဆိုခဲ့သည့် စကားပုံ ဥပမာများနှင့် ထိုအဖွဲ့သည် တစ်နည်းမဟုတ်တစ်နည်း ကိုက်ညီနေ၏။ ထိုအဖွဲ့ ကို ပုံပမာခိုင်နှိုင်းရန် တခြားဆင်တူကြောင်ကွဲ ပုံဥပမာများလည်း ကျန်ရှိနေနိုင်သေးသည်။
ဒေသအတွင်းနေသူပြည်သူအများက ထိုအဖွဲ့၏ ထောင်ချောက်ဆင် လိမ်လည်လှည့်ဖြားသည့် လုပ်ရပ်များကို ရှေးဦးမဆွကတည်းက သိနှင့်ပြီး ဖြစ်သည်။ ယခုအခါတွင်မူ ထိုအဖွဲ့၏ ထောင်ချောက်မျိုးစုံနှင့် လှည့်စားမှုကို လူအများကလည်း သိရှိရိပ်စားမိလာကြပြီဖြစ်သည်။
ထိုအဖွဲ့၏ သရုပ်သကန်အစစ်အမှန်ကို အလွယ်တကူသိနိုင်ရန်မူ မျက်နှားဖုံး ရှင်းလင်းစွာကွာကျချိန်ကို စောင့်ကြည့်နေရန်သာရှိ တော့သည်။
-ခွန်ဆေခမ်းလုန်-
– ခွန်ဆေခမ်းလုန် သည် ရှမ်းနီဒေသတွင်း နိုင်ငံရေး ၊ သဘာဝပတ်ဝန်ကျင်အရေး ၊ ယဉ်ကျေးမှု နှင့် ရှမ်းနီအရေး အတွေးအမြင်ဆောင်းပါးများကို ရေးသားနေသည့် တက်သစ်စ လူငယ် စာရေးသားသူတစ်ဦးဖြစ်သည်။