မေ ၁၁ ၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စု ဓမ္မာရုံမှာ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို မေလ ၁၀ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
“ လိုရင်းတိုရှင်း တိုတိုပဲပြောလိုက်မယ်နော့် ဆုံးရှုံးသွားတဲ့ ကျွန်တော်တို့ ရှမ်းမျိုးနွယ်စုတွေရဲ့ အခွင့်အရေးတွေပြန်လည်ရရှိရေးပေါ့ဗျာ အဲ့တာဆိုရင်လုံလောက်ပြီနဲ့ တူပါတယ်။ ပြန်ဖွဲ့တယ်ဆိုတာ အသစ်ဖွဲ့တာမဟုတ်ဘူးလေ၊ သက်တမ်းလည်းပြည့်သွားပြီ ၊ တချို့သေဆုံးနှုတ်ထွက်တွေရှိတာပေါ့ဗျာ၊ လုပ်ထုံးလုပ်နည်းအရ စည်းမျဉ်းစည်းကမ်းနဲ့အညီ အဖွဲ့အားလုံးနှုတ်ထွက်ပြီးတော့မှ အဖွဲ့သစ်ပြန်လုပ်တာပေါ့ဗျာ။ အသစ်ဖွဲ့စည်းတာတော့မဟုတ်ဘူး အရင်ကရှိပြီးတာကို မွန်းမံတဲ့သဘောပါ” လို့ အဖွဲ့ ဥက္ကဌအသစ်ဖြစ်လာသူ ဦးထွေးမောင်က ဆိုပါတယ်။
ရှမ်းမျိုးနွယ်စုရေးရာကို ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းမျိုးနွယ်စု (၅) စုထဲက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတာလည်းဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၂၀၁၂ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။
နှစ်နှစ်တစ်ကြိမ် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ကော်မတီတွေရွေးချယ်မှုတွေပြုလုပ်တာလည်းဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ရွေးချယ်မှုအရတခြား မျိုးနွယ်စုဖြစ်တဲ့ တိုင်းလုံ နဲ့ တိုင်းဆာ ကိုယ်စားလှယ်စာရင်းမတွေ့တာနဲ့ ပတ်သက်ပြီး ဦးထွေးမောင်ပြောပြတာက
“ တိုင်းဆာကတော့ လူဦးရေလည်းနည်းတယ် အဲ့တော့ ကိုယ်စားပေးနိုင်တဲ့ အနေအထားက သိပ်မရှိကြဘူး။တိုင်းဆာကတော့ များသောအားဖြင့် ကျွန်တော်တို့ ဒေသသုံးသံပစ္စည်းပေါ့ဗျာ အဓိကတော့ဓါးပေါ့ဗျာ အဲ့လိုဆိုတော့ တစ်ရွာမှာ လေးငါးဆယ်အိမ်၊ အိမ်သုံးဆယ်အဲ့လောက်ပဲရှိတယ်လေ သူစုစည်းဖို့တော်တော်လေးခက်တယ်လေ။အဲ့တာကြောင့်မို့သူတို့မတက်နိုင်တာပါ။ တိုင်းလုံကတော့ သူတို့ကိုယ်တိုင်ဖြေတာပိုကောင်းမယ်ထင်တယ်”
မြန်မာပြည်မြောက်ပိုင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ စစ်သားစုဆောင်းခံရတာ ၊ သတ်ဖြတ်ခံရတာ ၊ မိုင်းကိစ္စရပ်တွေကို ပြောဆိုဆောင်ရွက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။